ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ

Buddha and his Doctrine

ဤစာအုပ်သည်......

အခန်း(၂)ပါဠိပိဋကတ်စစ်တမ်း

Published by roman under on 4:35 AM

သံသယလွန်ကဲမှုရှိနေပါက ပါဠိပိဋကတ်ကိုဖြစ်စေ၊
အခြားဘာသာရေးကျမ်းဂန်ကိုဖြစ်စေ လေ့လာခြင်းသည်
အချည်းအနှီးဖြစ်ပေလိမ့်မည်။ လိုအပ်သည်ကား သံသယရှိမှု
လွန်ကဲ၍ ပိဋကတ်စာပေတစ်ခုလုံးကို ပယ်ခြင်းနှင့်
သဒ္ဓါယုံကြည်မှုလွန်ကဲ၍ ပိဋကတ်လာ စကားအားလုံးကို
မျက်စိမှိတ်၍ လက်ခံခြင်းတည်းဟူသော အစွန်းနှစ်ဖက်လွတ်သည့်
အလယ်လမ်းကိုလိုက်ရန်ဖြစ်၏ ။
အခန်း(၂)
ပါဠိပိဋကတ်စစ်တမ်း

မြန်မာနိုင်ငံ ရှိပါဠိပိဋကတ်သည် သီဟိုဠ်ကျွန်းမှ ရရှိခဲ့သော ပိဋကတ်ဖြစ်၏။ သီဟိုလ်သားတို့၏ မဟာဝင်ကျမ်းအလိုအားဖြင့်ဗုဒ္ဓသာသနာသည် ဘီစီသုံးရာစု (ဝါ) ခရစ်တော်မပေါ်မှီ တတိယရာစုလောက်က အိန္ဒိယပြည်မြောက်ပိုင်းမှ သီဟိုဠ်ကျွန်းသို့ ရောက်ရှိလာ၏။ သီဟိုဠ် ရဟန်းတို့သည် လက်ဦးပထမ၌ ပိဋကတ်ကို နှုတ်ဖြင့်ဆောင်ကြ၍ ဘီစီပထမရာစု ကုန်ခါနီးလောက်၌ ပေထက်အက္ခရာ တင်ကြ၏။ သို့ဖြင့်သီဟိုဠ်ကျွန်းသည် အိန္ဒိယပြည်မှ အပ ပထမဦးစွာ ဗုဒ္ဓဝါဒ အခြေစိုက်မိသော နိုင်ငံဖြစ်၍ ပိဋကတ်စာပေသည် သီဟိုဠ်ကျွန်းမှ အခြားအာရှတောင်ပိုင်းနိုင်ငံများသို့ ပျံ့ နှံ့  သွားခဲ့ဟန်ရှိ၏။

သီဟိုဠ်သားတို့သည် ပိဋကတ်သုံးပုံ၏ အဖွင့်ဖြစ်သော အဌကထာ ကျမ်းများကို ရေးသားခဲ့ကြ၏။ အချို့ သော ပိဋကတ်ကျမ်းများသည် လည်း သီဟိုဠ်ကျွန်း၌ စတင်ပေါ်ပေါက်သော ကျမ်းများဖြစ်ကောင်းဖြစ်ပေမည်။ သို့ရာတွင် ထိုကျမ်းများမှာ အနည်းငယ်သာဖြစ်၍ ဗုဒ္ဓဝါဒအတွက် အရေးကြီးသော ကျမ်းများလည်း မဟုတ်ချေ။ ထိုကျမ်းများမှအပ အခြားပိဋကတ် စာပေ၌ ဟိမဝန္တာ၊ ဂင်္ဂါ၊ ယမုံနာ စသော အိန္ဒိယတောင်များ၊ မြစ်များကို ဖော်ပြထား၏။ သီဟိုဠ်ကျွန်း၏ ပထဝီအမည်များကို လုံးဝမတွေ့ရချေ။ ပိဋကတ်စာပေသည် ဘီစီ ၆ ရာစုခေတ် အိန္ဒိယပြည်မြောက်ပိုင်း၏ အခြေအနေကို ဖော်ပြ၍ ရှေးသီဟိုဠ်သားတို့၏ အကြောင်းကို အလျှင်းမဖော်ပြချေ။ ဘီစီသုံးရာစုအတွင်းက အိန္ဒိယပြည်ဆန်ချီနှင့် ဘာရပ်ဒေသ၌ ထူပါရုံစေတီတော်ကြီးများ၏ မုခ်ဦးနှင့်နံရံများတွင် ‘ဓမ္မကထိက’ ပေဋကိန’ (ပိဋကတ်အာဂုံဆောင်သူ ) ‘ သုတ္တန္တ ကိနီ’ (သုတ္တန်များကို အာဂုံဆောင်သော မိန်းမ) စသည်ဖြင့် ရဟန်းယောက်ျား၊ မိန်းမများအား ပေးထားသော ဘွဲ့ အမည်များကို ဖော်ပြထား၏။ ပိဋကတ်၌ပါရှိသော ဝတ္ထုများနှင့် ၅၅၀ ဇာတ်ဝတ္တုများကို လည်း စေတီနံရံ များ၌ ရုပ်လုံးကလေးများ ဖြင့်ထုထွင်းခြယ်လှယ် ထား၏။

သို့ ဖြစ်၍ ပိဋကတ်စာပေ သည် အိန္ဒိယပြည်၌ စတင်ပေါက်ဖွားခဲ့ကြောင်း ထင်ရှား၏။ သီဟိုဠ်သားတို့သည် ထိုပိဋကတ်ကို ပြင်ဆင်ပြောင်းလဲခြင်းမပြုဘဲ နဂိုအိန္ဒိယမူအတိုင်း ထားရှိခဲ့သည်ဟု ယူဆရပေမည်။ ထိုပိဋကတ်သည် မူလက အသောကမင်းလက်ထက်၌ တတိယသင်္ဂါယနာတင် သော ဝိဘဇ္ဇဝါဒီရဟန်းတို့ နှုတ်ဖြင့်ဆောင်ခဲ့ကြသော ထေရဝါဒပိဋကတ်ဖြစ်၏။ ထေရဝါဒဂိုဏ်းသည် ဒုတိယသင်္ဂါယနာတင်ပြီး နောက်ပေါ်ပေါက်ခဲ့သော ရှေးဗုဒ္ဓဂိုဏ်းကြီး ၁၈ ဂိုဏ်း၌တစ်ခုဖြစ်၍ ထေရဝါဒပိဋကတ်သည် အခြားဂိုဏ်းများ၏ ပိဋကတ်များနှင့်မည်သို့ ခြားနား ကွဲလွဲပါသနည်းဟု စူးစမ်းရန်လိုပေသည်။

ဤတွင်ထိုရှေးအခါက အထူးထင်ရှားသော သဗ္ဗတ္တိဝါဒဂိုဏ်း၏ ပိဋကတ်ကို စဉ်းစားရာ၏။သဗ္ဗတ္တိဝါဒဂိုဏ်း၏ ပိဋကတ်ကို သက္ကတဘာသာဖြင့် ရေးသားထား၍ အချို့ သောကျမ်းစာများကို အာရှတိုက်အလယ်ပိုင်း အရှေ့ တာကစ္စတန်ပြည်နှင့်နီပေါပြည်၌ တွေ့ရှိခဲ့ကြ၏။ ထိုကျမ်းစာများသည် ဆိုင်ရာပါဠိပိဋကတ်ကျမ်းစာများနှင်.အတော်များများ တူညီကြ၏။ ဥပမာ သက္ကတဝိနည်းပိဋကတ်၌ ဖော်ပြထားသော ဝိနည်းသိက္ခာပုဒ်များသည် ပါဠိဝိနည်းပိဋကတ်မှ သိက္ခာပုဒ်များနှင့် ဘာမျှမခြားနားချေ။ သိက္ခာပုဒ်များပညတ်ရခြင်း အကြောင်းရင်းကို ဖော်ပြရာ၌သာ ပိဋကတ်တစ်ခုနှင့် တစ်ခု ကွဲလွဲ၏။
အချို့ သော သက္ကတပိဋကတ်ကျမ်းများကို တရုတ်၊ တိဗက် ၊ ဂျပန်စသော ဘာသာများသို့ ပြန်ဆိုထား၏။ ထိုမြောက်အာရှသားတို့၏ ဗုဒ္ဓဝါဒသည် မဟာယာနဝါဒ ဖြစ်၏။ မဟာယနဝါဒီတို့သည် မူလဗုဒ္ဓဝါဒကို ချဲ့ ထွင်စဉ်းစား ဥာဏ်ကစားလျက်ဝါဒသစ် များ ဖန်တီးခဲ့ကြစေကာမူ အိန္ဒိယပြည်မှ ရရှိသော မူလကျမ်းရင်းများကို ပြုပြင်ပြောင်းလဲခြင်း မပြုခဲ့ကြချေ။ တရုတ်ပိဋကတ်တွင် ပါဠိပိဋကတ်မှာကဲ့သို့ ဓမ္မပဒ၊ ဥဒါန၊ ထေရဂါထာ၊ ဝိမာနဝတ္ထု စသောကျမ်းများ ပါဝင်၏။ သူတို့၏ မဟာဝတ္တုကျမ်းသည် နိဒါနကထာနှင့်မဟာဝဂ်ပါဠိတော်ကဲ့သို့ သိဒ္ဓတ္ထ မင်းသားဘုရားဖြစ်လာ ပုံကိုအကျယ်ပြထား၏။ သူတို့၏ ဒီဗျာဝဒါန ကျမ်း၌ မဟာပရိနိဗ္ဗာန သုတ်ပါရှိ၍ ထိုသုတ်မှာ မဟာပရိနိဗ္ဗာနသုတ် ပါဠိတော်နှင့် ကွဲလွဲခြင်းမရှိချေ။ ထိုသုတ်၌ ဗုဒ္ဓဝါဒ၏ အခြေခံမူလဖြစ်သော ဗောဓိပက္ခိယ တရား ၃၇ ပါးကိုဖော်ပြထား၏။

ထိုတူညီသော တရားဒေသနာများကို ပိဋကတ်နှစ်ခု၌ စီစဉ်ခွဲခြား ထားပုံမှာလည်း တစ်ပုံစံတည်းဖြစ်၏။ သို့ဖြစ်၍ ထိုဒေသနာများသည် ဗုဒ္ဓသံဃာဂိုဏ်းမကွဲမီ ရှေးမဝေသဏီကတည်းက ရှိပြီးဖြစ်ရပေမည်။ မတူညီသော ဒေသနာများလည်းရှိ၏။ များပြားလှသော တရားဒေသနာများကို နှစ်ပေါင်းများစွာ တစ်သီးတစ်ခြားစီ နှုတ်ဖြင့်ဆောင်ခဲ့ရာမှ ဖြစ်ပေါ်လာသော ပိဋကတ်နှစ်ခုသည် အချို့ အနေရာများ၌ ကွဲလွဲကြမည်မှာ ဓမ္မတာဖြစ်၏။ ကွဲလွဲသော အချက်များအားလုံး ဘုရားဟောစကားဖြစ်သည် ဟူ၍ကား မဆိုနိုင်ချေ။ သို့ ဖြစ်၍ ပိဋကတ်နှစ်ခုတွင် မည်သည့်ပိဋကတ် က ရှေးဦးစွာပေါ်ပေါက်လာ၍ ဗုဒ္ဓဝါဒနှင့်ပိုမိုနီးစပ်ပါသနည်း ဟုစူးစမ်းရန်လိုအပ်၏။

ပိဋကတ်နှစ်ခုလုံးကို လေ့လာဖူးသော ဥရောပညာရှင်တို့၏ အဆိုအားဖြင့် ပိဋကတ်နှစ်ခုမှာ စီကုံးဖွဲ့ နွဲ့ မှု မတူကြချေ။ ပါဠိပိဋကတ်သည် အက္ခရာမတင်မီ နှစ်ပေါင်းအတော်ကြာက ပေါ်ပေါက်ခဲ့ပြီးဖြစ်ဟန်ရှိ၏။ ပါဠိတော်များကို စာဖြင့်ရေးမှတ်သောအခါ စီကုံးဖွဲ့ နွဲ့ သော နည်းဟန်ကို မပြောင်းလဲဘဲ နှုတ်ငုံဆောင်ထားသည့်အတိုင်း ရေးမှတ်ထားသောကြောင့် အရေးအသားချောမွတ်ခြင်းမရှိချေ။ သက္ကတပိဋကတ် မှာမူပါဠိပိဋကတ်ထက် အရးအသားညက်ညောပြေပြစ်၏။ သို့ဖြစ်၍ ထိုပိဋကတ်သည် အာရှတိုက်အလယ်ပိုင်း၌ စာရေးသားခြင်းအတတ် ပေါ်ပြီးမှ စာပေအဖြစ်သို့ ကူးပြောင်းလာဟန်ရှိ၏။

သမိုင်းသုတေသနပြုမှု မရှိသေးသောခေတ်က စာပေကျမ်းဂန်တစ်ခုသည် ရှေးကထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးအကြောင်းကို ဖော်ပြရာ၌ ထိုပုဂ္ဂိုလ်၏ခေတ်နှင့် ကျမ်းဂန်တစ်ခုသည် ရှေးကထင်ရှားသော ပုဂ္ဂိုလ် တစ်ဦးအကြောင်းကို ဖော်ပြရာ၌ ထိုပုဂ္ဂိုလ်၏ ခေတ်နှင့်ကျမ်းပြုဆရာ၏ ခေတ်အချိန်ကာလ ကွာခြားလေ၊ ဒဏ္ဍာရီပုံပြင်ဆန်ဆန် အကြောင်းအရာများကို ပိုမိုတွေ့ ရလေ ဖြစ်၏။ မြန်မာနိုင်ငံတွင် ဘကြီးတော်လက်ထက်က ရေးသားထားသော မှန်နန်းရာဇဝင် ထဲမှ ပြူစောထီး၊ ဒွတ္တပေါင်စသော ရှေးပုဂံခေတ်မတိုင်မီက မင်းများအကြောင်း ရေးသားချက်များ၌ အထက်ပါစကား ထင်ရှား၏။ သက္ကတပိဋကတ်၌ ပါရှိသော ဗုဒ္ဓဝင်မှာ အံ့ဖွယ်သရဲများဖြင့် ဖောင်းပွ၍ ဗုဒ္ဓမှာ လူသားစင်စစ် မဟုတ်တော့ ဘဲ ထာဝရဘုရား၊ သို့မဟုတ် စကြဝဠာ မဟာဗြဟ္မာကြီးလိုလို ဖြစ်နေသည်ကို တွေ့ ရ၏။ ပါဠိပိဋကတ်၌မူ လူသားမျိုးနွယ် အတုမရှိ သူတော်မြတ်အဖြစ်ဖြင့်သာ ဖော်ပြထား၏။

ထေရဝါဒီတို့၏ ဗုဒ္ဓအကြောင်း အံ့ဖွယ်သရဲများကို အများအားဖြင့် နောက်မှပေါ်ပေါက်သော အဌကထာများ၌ တွေ့ရ၏။ ဗုဒ္ဓကိုယ်တော်တိုင်က မိမိသည် တန်ခိုးပြာဋိဟာပြမှုကို စက်ဆုပ်ကြောင်း မိန်.ကြားခဲ.၏။ (ဤအကြောင်းကို ‘ဗုဒ္ဓကိုးကွယ်မှု’ အခန်း၌ အကျယ်ပြဆိုပါအံ.။) ဒေဝါတိဒေဝါ (နတ်တကာတို့၏ နတ်မင်း ) ဆိုသော ဗုဒ္ဓ၏ ဘွဲ့ ကို ဘီစီ ၉၀-၈၀ လောက်က ရေးသားသော မိလိန္ဒပဥှာကျမ်း၌ ပထမအကြိမ်တွေ့ ရ၏။ ပါဠိပိဋကတ်၌ ထိုစကားကို မတွေ့ရချေ။

ထို့ကြောင့် အနောက်နိုင်ငံ ပညာရှင်တို့သည် ပါဠိပိဋကတ်မှာ ဗုဒ္ဓဝါဒသမိုင်း၌ ပထမဦးစွာ ပေါ်ပေါက်လာသော စာပေဖြစ်ကြောင်း တညီတညွတ် အသိအမှတ်ပြုကြ၏။ ထေရဝါဒက မူလဗုဒ္ဓဝါးနှင့် မဟာယာနထက် ပိုမိုနီးစပ်သည်ဟု ယုံကြည်၍ ပါဠိပိဋကတ်ကို ဦးစားပေးလေ့လာကြ၏။

ဗုဒ္ဓလက်ထက်က အိန္ဒိယပြည်၌ စာရေးခြင်းအတတ် ပေါ်ပေါက်နေပြီဖြစ်ကြောင်း ပိဋကတ် အထောက်အထားရှိ၏။ သို့ ရာတွင် စာရေးရန် ပစ္စည်းကိရိယာ စုံစုံလင်လင် လုံလုံလောက်လောက် မရှိသေးသောကြောင့် ရှည်လျားသော စာများကို မရေးသားကြချေ။ ထို့ အပြင်ထိုခေတ်က အိန္ဒိယသားတို့သည် ဘာသာရေးခေါင်းဆောင်ကြီးများ ၏ နှုတ်စကားကို စာစကားထက် ပို၍သာလွန်မြတ်နိုး တန်ဖိုးထားတတ်ကြ၏။ တရားဒေသနာများကို နှုတ်တက်ကျက်မှတ်ပြီးလျင် သားစဉ်မြေးဆက် နှုတ်ဖြင့်သာ ဆောင်ကြ၏။ သို့ ဖြင့် အချို့ွှ့သော ဘာသာရေးဂိုဏ်းများ၏ ဟောပြောချက်များသည် ပါဠိပိဋကတ်ပေါ်ပေါက်ပြီးနောက် ကာလအတန်ကြာသည့်တိုင်အောင် စာပေအဖြစ်သို့ မရောက်ရှိသေးချေ။ ဂျိန်းဘာသာဝင်တို့၏ ပိဋကတ်သည် အေဒီငါးရာစုလောက်ကျမှ စာပေအဖြစ်သို့ ရောက်ရှိလာကြောင်းသိရ၏။

နှုတ်စကားက စာစကားထက် အချို့ နေရာ၌ ပိုမို ထိရောက်ကြောင်း ယုံမှားဖွယ်မရှိချေ။ တရားဟောရာ၌ စာဖတ်၍ပြောခြင်းထက် စာမဖတ်ဘဲပြောခြင်းက လူပရိသတ်၏ စိတ်ကို ပိုမိုဆွဲဆောင်နိုင်ကြောင်းထင်ရှား၏။ သို့ရာတွင် ပုဂ္ဂိုလ်တစ်ဦး၏ စကားများကို နဂိုမူမပျက်စေဘဲ သန့်ရှင်းစင်ကြယ်စွာ ကာလတာရှည် တည်မြဲစေလိုပါက စာဖြင့် မှတ်သားထားရန်လို၏။ ဆရာစဉ်ဆက်နှုတ်ငုံဆောင်ထားရုံမျှဖြင့် စိတ်ချရမည် မဟုတ်ချေ။

ထို့ကြောင့် အစပထမက နှစ်ပေါင်းများစွာ နှုတ်ဖြင့်ဆောင်ခဲ့ သော ပါဠိပိဋကတ်သည် မည်မျှသန့်ရှင်းစင်ကြယ်၍ မူလဗုဒ္ဓဓမ္မကို မည်မျှကိုယ်စားပြုပါသနည်းဟု စဉ်းစားရန်ရှိ၏။

အချို့ သော ပါဠိတော်များသည် ဗုဒ္ဓကိုယ်တိုင်ဟောသော ဒေသနာများမဟုတ်ကြောင်း ပိဋကတ်စာပေ၌ အထင်အရှားပြဆိုထား၏။ အဘိဓမ္မာပိဋကတ်မှ ကထာဝတ္ထုသည် အရှင်မောဂ္ဂလိပုတ္တတိဿ၏ လက်ရာဖြစ်၏။ ဝိနည်းပိဋကတ်မှ ပရိဝါကျမ်းမှာ ဒီပမည်သော မထေရ်တစ်ပါး ရေးသားကြောင်း ကျမ်းနိဂုံးတွင် ဖော်ပြထား၏။

မဇ္ဈိမနိကာယ်နှင့် ဒီဃနိကာယ်မှ သုတ်ပေါင်း ၂၆ ခုမှာ ရှင်သာရိပုတ္တရာ၊ ရှင်အာနန္ဒာ၊ ရှင်ကစ္စည်း စသော တပည့်သာဝကကြီးများ ဟောကြားသည့် သုတ်များဖြစ်၏။

အချို့ သော ပါဠိတော်များမှာမူ သင်္ဂါယနာတင် ရဟန်းတော်များက ထည်းသွင်းထားသော စကားများဖြစ်သည်ဟု အဌကထာ ဆရာများက ဆိုကြ၏။ အချို့ ထေရီဂါထာ များသည် သင်္ဂါယနာတင် မထေရ်တို့၏ ဂါထာများဖြစ်ကြောင်း ပရမတ္တဒီပနီ၌ အဌကထာဆရာ ရှင်ဓမ္မပါလက ဖော်ပြထား၏။ သုတ္တနိပါတ် မဟာဝဂ် ပဓာနသုတ်၌ လာသော နောက်ဆုံးဂါထာသည် အချို့ ဆရာတို့ အလိုအားဖြင့် သင်္ဂါယနာတင် ရဟန်းတို့၏ လက်ရာဖြစ်၏။

တပည့်သာဝကတို့၏ ဒေသနာများသည် အများအားဖြင့် ဘုရားရှင်အမြွက်မျှဟောကြားသော တရားကို အကျယ်ရှင်းပြသော ဒေသနာများဖြစ်သောကြောင့် ပိဋကတ်ထဲ၌ ထည့်သွင်းထားခြင်းဖြစ်၏။ အမှန်ဆိုသော် အချို့ သာဝကကြီးများ၏ တရားဒေသနာများသည် မိမိ၏အာဘော်နှင့် ကိုက်ညီသည်ဟု ဘုရားရှင်က မိန့်ကြားကြောင်း ပိဋကတ်၌ ပြဆိုထား၏။ မည်သို့ပင်ဖြစ်စေ ဗုဒ္ဓဝါဒကို စေ့ငုသေချာစွာ လေ့လာလိုသော သူတို့အဖို့ ဗုဒ္ဓ၏စကားနှင့်တပည့်သာဝကများ၏ စကားကို ခွဲခြား၍ သိရှိမှတ်သားရန် အရေးကြီး၏။

ဘုရားရှင်လက်ထက်က ဗုဒ္ဓဒေသနာများကို အထူးဂရုပြု၍ ကျက်မှတ်ကြခြင်းရှိဟန်မတူချေ။ ‘ဘာဏက’ (ဒေသနာများကို ရွတ်ဆိုကျက်မှတ်သောသူ) ဆိုသောစကားသည် အဌကထာများ၌သာလျင် တွေ့ ရ၏။ သင်အံကျက်မှတ်သော ပုဂ္ဂိုလ်အချို့  ရှိမည်ဖြစ်သော်လည်း ဘုရားရှင်၏အလိုအားဖြင့် တရားတော်ကို ကျက်မှတ်မှုထက် ကျင့်ကြံအားထုတ်မှုက ပိုမိုအရေးကြီးသောကြောင့် အမြဲတစေ ဂရုတစိုက် ကျက်မှတ်သော ရဟန်းဦးရေသည် ယခုခေတ်မှာကဲ့သို့ များလှမည် မဟုတ်ချေ။

တပည့်ရဟန်းများသည် ဗုဒ္ဓဝါဒကို လွပ်လပ်စွာ ဟောပြောကြ၏ ။ တစ်ခါတစ်ရံမှသာ ဘဂဝါ သို့မဟုတ် သတ္ထာ (ဘုရားရှင် ကိုဆိုလိုသည်) က ဤသို့မိန့်ဆိုသည်ဟု ဗုဒ္ဓ၏စကားကို ကိုးကား၍ပြောလေ့ရှိကြ၏။ ထို့နောက် ဗုဒ္ဓသည် သက်တော်ကြီးရင့်လာ၍ တပည့်သာဝကကြီးများ ပရိနိဗ္ဗာန်ပြုတော်မူကုန်သော အခါ ဒေသနာများကို မူတစ်မူတည်းထားကာ ပုံသေ သတ်မှတ်စပြုလာကြ၏။

အစပထမ၌ ဒေသနာများသည် သုတ်အဖြစ် သို့မရောက်သေးဘဲ အကျဉ်းချုပ်(ဥဒ္ဒေသ) အဖြစ်ဖြင့်သာ တည်ရှိကြ၏။ ဥဒ္ဒေသများကို ပိဋကတ်စာပေ အချို့ နေရာများ၌ တွေ့ရသေး၏။ ဗုဒ္ဓပရိနိဗ္ဗာန် စံတော်မူပြီးသည့် နောက်ကာလ၌ကား ဗုဒ္ဓဓမ္မနှင့် စပ်လျဉ်း၍ သံဃာဂိုဏ်းကွဲမည့် အရိပ်နိမိတ် များ ထွက်ပေါ်လာသောကြောင့် ဗုဒ္ဓဒေသနာများကို အကျဉ်းမချုံးပဲ ဘုရားဟောတော်မူသည့်အတိုင်း ပုံသေအတည်ပြုထားရန် မထေရ်ကြီးများ စုပေါင်းကြိုးစားကြ၏။

ပိဋကတ်စာပေ၌ ‘သာဝတ္ထိ နိဒါနံ’ စသည်ဖြင့်မြို့ အမည်နှင့် အစချည်သော သုတ်များပါရှိရာ ဖော်ပြသောမြို့ သည် ဆိုင်ရာသုတ်ကို စတင်အတည်ပြုသော ရဟန်းသံဃာတို့၏ ဗဟိုဌာန ဖြစ်တန်ရာ၏။ ထိုဗဟိုဌာနများမှာ သာဝတ္တိ၊ ကပိလဝတ်၊ ဗာရာဏသီ၊ သာကေတ၊ ပါဋလိပုတ်နှင့် ရာဇဂြိုလ်ဟူ၍ ဌာန ၃၆ခုရှိ၍ သာဝတ္ထိမြို့ ၌ သုတ်အများဆုံး အတည်ပြုကြ၏။

အဌကထာများ၌ ဒီဃဘာဏက, သံယုတ္တဘာဏကစသော စကားများကို တွေ့ရ၏။ နိကာယ်တစ်ရပ်ကို ကျွမ်းကျင်နှံ့စပ်သော ဘာဏကအချင်းချင်း စုပေါင်း၍ အာဂုံဆောင်ကြ၏။ နိကာယ်ဘာဏကများသည် သီးခြားအဖွဲ့များဖြစ်၍ တစ်ခုနှင့်တစ်ခု အဆက်အသွယ်မရှိချေ။ ထို့ကြောင့် အချို့သုတ်များကို နိကာယ်နှစ်ခု၊သုံးခု၌ ထပ်တလဲလဲ တွေ့ရခြင်းဖြစ်၏။

ဒေသနာတော်များကို ပုံသေသတ်မှတ်သော လုပ်ငန်းသည် ဘီစီသုံးရာစုခေတ်၌ အာသောကမင်း လက်ထက်မတိုင်မီက ပြီးဆုံးဟန်ရှိ၏။ ထိုခေတ်က ဘာရပ်နှင့်ဆန်ချီအရပ်ရှိ ထူပါရုံစေတီများ၌ ’ပဉ္စနေကာယိက’ (နိကာယ်ငါးရပ် အာဂုံဆောင်သောသူ) ဆိုသောစကား ရေးထိုးထား၏။ သို့ရာတွင် ဒေသနာအားလုံးကို တစ်ချိန်တည်း၌ပုံသေသတ်မှတ်ခြင်း ပြီးဆုံးသည်မဟုတ်ချေ။ ပါဠိပိဋကတ်၏ မည်သည့်အစိတ်အပိုင်းက မည်သည့်အချိန်ကာလ၌ ပုံသေဖြစ်လာသည်ဟု အတိအကျ မသိရသော်လည်း တစ်ပိုင်းနှင့်တစ်ပိုင်း ပုံသောဖြစ်လာသော အချိန်ကွာခြား၏။ ပါဠိပညာရှင် ဒေါက်တာရိုင်း(စ) ဒေးဗစ်၏ ယူဆချက်အရ ပါဠိတော်များ ပုံသေမူတစ်မူတည်း ဖြစ်လာသော ရှေ့ နောက်အစီအစဉ်မှာ အကြမ်းဖျင်းအားဖြင်. အောက်ပါအတိုင်းဖြစ်၏။( Dr. Rhys Davids: Buddhist India, pp.84)

၁။ ပိဋကတ်စာပေ အားလုံးလိုလို၌ အကြိမ်ကြိမ်တွေ့ ရ၍ ထပ်တူထပ်မျှဖြစ်သော စကားပြေ၊သို့မဟုတ် ဂါထာများဖြင့် ဗုဒ္ဓဝါဒကို ရိုးရိုးရှင်းရှင်း ဖော်ပြထားသော စကားများ။
၂။ ပိဋကတ်နှစ်ကျမ်း၊ သို့မဟုတ် သုံးကျမ်း၌ ထပ်တူထပ်မျှ စကားများဖြင့်ပြဆိုထားသော အကြောင်းများ။
၃။ ဒီဃနိကာယ်မှ သီလက္ခန္ဓ၊ သုတ္တနိပါတ်မှ ပါရာယနဝဂ်နှင့် အဌကဝဂ်, ဝိနည်းပိဋကတ်မှ ပါတိမောက
်၎။ ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ အဂုင်္တ္တရနိကာယ်နှင့်သံယုတ္တနိကာယ်။
၅။ သုတ္တနိပါတ်၊ ထေရနှင့်ထေရီဂါထာ၊ ဥဒါန၊ ခုဒ္ဒကပါဌ။
၆။ သုတ္တဝိဘင်္ဂနှင့် ခန္ဓက။
၇။ ဇာတကနှင့်ဓမ္မပဒ။
၈။ နိဒ္ဒေသ၊ ဣတိဝုတ္တကနှင့်ပဋိသမ္ဘိဒါ။
၉။ ပေတဝတ္ထု , ဝိမာနဝတ္ထု ၊ အပဒါန၊ စရိယပိဋကနှင့် ဗုဒ္ဓဝံသ။
၁၀။ အဘိဓမ္မာကျမ်းများ၊
ယင်းတို့တွင် ကထာဝတ္ထုမှာ နောက်ဆုံးကျမ်းဖြစ်၍ ရှေးအကျဆုံးကျမ်းမှာ ပုဂ္ဂလပညတ္တိ ဖြစ်တန်ရာ၏။

အဘိဓမ္မာကျမ်းများသည် ပိဋကတ်သမိုင်း၌ နောက်ဆုံးပေါ်ပေါက်လာသော ကျမ်းများဖြစ်ကြောင်းယူဆရန် အထောက်အထားများရှိ၏။ ပထမနှစ်ကြိမ် သင်္ဂါယနာတင်သော ပါဠိတော်များတွင် အဘိဓမ္မာပါဝင်သည် ဟု ဝိနည်းစူဠဝါနှင့် မဟာဝင်၊ ဒီပဝင်ကျမ်းများ၌ ပြဆိုမထားချေ။ ဒီဃနိကာယ် အဌကထာ၌ပါရှိသော ပထမသင်္ဂါယနာအကြောင်း၌ ဝိနည်းပိဋကတ်နှင့်ပထမနိကာယ်လေးရပ်ကို အာဂုံဆောင်၍ ထိန်းသိမ်းရန် ရှင်ဥပါလိ၊ ရှင်အာနန္ဒာနှင့် ရှင်ကဿပ၊ ရှင်အနုရုဒ္ဓါ၊ ရှင်သာရိပုတ္တရာတို့၏ တပည့်များအား တာဝန်ပေးအပ်ကြသည်ဆို၏။အဘိဓမ္မာပိဋကတ်နှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာ ဖော်ပြထားခြင်း မရှိချေ။ အဌသာဠိနီ, မဟာဗောဓိဝံသ စသော အဌကထာများနှင့်ရှေးအိန္ဒိယ ကျောက်စာများ၌ နိကာယ်ဘာဏကများကို ရည်ညွန်းချက်များပါရှိသော်လည်း အဘိဓမ္မာဘာဏက ဆိုသောစကား လုံးဝမပါရှိချေ။

အချို့ သော ပါဠိတော်တို့၌ အဘိဓမ္မာဟုသော ပုဒ်ကို တွေ့ရ၏။ သို့ရာတွင် သုတ္တန္တပိဋကတ်၌လာသော ထို’ အဘိဓမ္မာ’ သည် လက်ရှိအဘိဓမ္မာ ခုနှစ်ကျမ်းကို မရည်ညွန်းဘဲ သုတ္တန်ဒေသနာများမှ နက်နဲသောတရားကို ဆိုလိုဟန်ရှိ၏။ ဗုဒ္ဓဒေသနာ များကို သုတ္တ၊ ဂေယျ၊ ဂါထာ၊ ဇာတက စသည်ဖြင့် အင်္ဂုတ္တရနိကာယ်၌ ကိုးမျိုးခွဲခြားထားရာ ဥပမာ ဇာတကသည် လက်ရှိ ၅၅၀ ဇာတ်နိပါတ်ကို ဆိုလိုခြင်းမဟုတ်ဘဲ နိကာယ်များမှ အချို့ ဝတ္ထုများကို ရည်ညွန်း၏။ ထိုနည်းအတူ သုတ္တန်ပိဋကတ်၌ တွေ့ ရသော အဘိဓမ္မာသည် သုတ္တန်ဒေသနာများကို အမျိုးအစားခွဲခြားရန် သုံးစွဲသော စကားဖြစ်ပေလိမ့်မည်။

သဗ္ဗတ္တိဝါဒ ဂိုဏ်း၌ ထေရဝါဒဂိုဏ်းမှာကဲ့သို့ အဘိဓမ္မာခုနှစ်ကျမ်းရှိ၍ တရုတ်ဘာသာသို့ ပြန်ဆိုထား၏။ ထိုအဘိဓမ္မာတရားကို အရှင်သာရိပုတ္တရာ ၊ ရှင်မောဂ္ဂလာန် စသော သာဝကကြီးများက ဟောပြောခဲ့သည်ဆို၏။ သဗ္ဗတ္တိဝါဒ အဘိဓမ္မာသည် ထေရဝါဒအဘိဓမ္မာနှင့်ပါဝင်သောအကြောင်းရပ်များ လုံးဝမတူချေ။ အထက်ကဖော်ပြခဲ့သည့်အတိုင်း ဝိနည်း၊သုတ္တန် ဒေသနာများ အခြေခံတူညီပါလျက် အဘိဓမ္မာပိဋကတ်များသည် ဗုဒ္ဓသံဃာဂိုဏ်းကွဲပြီးမှ တသီးတခြားစီပေါ်လာသော ပိဋကတ်များဖြစ်သည်ဟု ယူဆဖွယ်ရှိ၏။

ဒုတိယ သင်္ဂါယနာတင် ရဟန်းသံဃာနှင့်ဆန့်ကျင်သော မဟာသံဃိကရဟန်းတို့သည် စင်ပြိုင်သင်္ဂါယနာတင်ပွဲ ပြုလုပ်၍ အဘိဓမ္မာ ပိဋကတ်နှင့် အခြားအချို့ သော ဒေသနာများကို ဘုရားရှင်၏ ဒေသနာအစစ်အမှန် မဟုတ်ဟုဆိုကာ ပယ်ကြသည်ဟု ဒီပဝင်ကျမ်း၌ ဖော်ပြထား၏။ အမှန်ဆိုသော် ရှေးကအဘိဓမ္မာကို ဘုရားဟောဒေသနာဖြစ်သည် ဟု မယုံကြည်သော ရဟန်းတို့မှာ နည်းလှမည်မဟုတ်ချေ။ သို.ဖြစ်၍ ရှင်ဗုဒ္ဒဃောသဆရာသည် အဌသာလိနီကျမ်း၌ အဘိဓမ္မာပိဋကတ်ကို ခုခံကာကွယ်၍ရေးသားရ၏။ ရဟန်းတစ်ပါးက အဘိဓမ္မာဟောသော အခြားရဟန်းတစ်ပါးအား “သင်သည် မြင်းမိုရ်တောင်ကို ရစ်ပတ်သကဲ့သို့ မသည်မပိုးနိုင်၊ ရှည်စွာသော အဘိဓမ္မာပါဠိကို အဘယ်ကြောင့်ဆောင်ဘိသနည်း။ အဘိဓမ္မာသည် ဘုရားဟောမဟုတ်” ဟုပြစ်တင်ကဲ့ရဲ့ သည်ဆို၏။ ရှင်ဗုဒ္ဓဃောသကမူ အဘိဓမ္မာသည် ဘုရားဟောဖြစ်သည်။ ရှင်မောဂ္ဂလိပုတ္ထ တိဿသည်ပင် ကထာဝတ္ထုကို ဘုရားပေးအပ်သောနည်း၊ ထားအပ်သော မာတိကာဖြင့်ဟောသည်ဟု ဆိုလေသည်။

မာတိကာသည် ဗုဒ္ဓဓမ္မကို အကျဉ်းချုပ်ပြသော ခေါင်းစဉ်ဖြစ်၍ ဝိနည်းနှင့်သုတ္ထန်ပိဋကတ်များ၌ ထိုစကားကိုတွေ့ ရ၏။ အဘိဓမ္မာကျမ်းများသည် ထိုမာတိကာများအပေါ်၌ ထိုစကားကိုတွေ့ ရ၏။ အဘိဓမ္မာကျမ်းများသည် ထိုမာတိကာများအပေါ်၌ အခြေတည်၏။

တရုတ်ရဟန်းတော် ဖာဟီယန်သည် အိန္ဒိယပြည်သို့ ရောက်ရှိစဉ်က သံဃာ့စာသင်တိုက်ကြီးများ၌ ဗုဒ္ဓအဘိဓမ္မာဆရာကြီးများကို တွေ့ရှိခဲ့ကြောင်းသူ၏မှတ်တမ်း၌ ဖော်ပြခဲ့၏။ ထိုသံဃာ့စာသင်တိုက်များနှင့် နာလန္ဒစသော ရှေးဗုဒ္ဒတက္ကသိုလ်များသည် အဘိဓမ္မာကျမ်းများ ပေါက်ဖွားရာဌာနများ ဖြစ်တန်ရာ၏။

ထို့ကြောင့် အနောက်တိုင်း ပါဠိပညာရှင်တို့၏ အမြင်အားဖြင့်အဘိဓမ္မာသည် နောက်မှပေါ်ပေါက်လာသော ပိဋကတ်အစွယ်အပွားဖြစ်၍ သုတ္တန္တ ပိဋကတ်ထက်ပိုမို ထူးခြားနက်နဲသည် မဟုတ်ချေ။ ပိဋကတ်သုံးပုံကို နှံ့နှံ့စပ်စပ် လေ့လာဖူးသော ဥရောပပညာရှင်တစ်ဦးကမူ ပါဠိစာပေမှ ကျွန်ုပ်တို.သိရှိရသော ဗုဒ္ဓအဘိဓမ္မာသည် အဘိဓမ္မာပိဋကတ်တစ်ခုလုံး မရှိစေကာမူ စိုးစဉ်းမျှယုတ်လျော့သွားလိမ့်မည် မဟုတ်။ အဘိဓမ္မာပိဋကတ်၌ ပါရှိသော တရားအားလုံးကို သုတ္တန်ပိဋကတ်၌ တွေ့နိုင်ပါသည်ဟုရေးသားခဲ.၏။ (Art.Abhidhamma by Mrs Rhys Davids in Encyclopedia of Religion and Ethics)

ဝိမာနဝတ္ထုနှင့် ပေတဝတ္ထုများမှာ ယင်းတို့၌လာသော အကြောင်းအရာများ(ဥပမာ ဗုဒ္ဓကိုးကွယ်မှု၊ အလှူဒါနအားပေးမှု) ကို ထောက်ချင့် ၍ ပိဋကတ်ထဲသို့ အတော်နောက်ကျမှ ဝင်လာသော ကျမ်းများဖြစ်ကြောင်း ထင်ရှား၏။ ပေတဝတ္ထု၌ပါရှိသော ပိင်္ဂလောကဘုရင်မှာ ဘုရားပရိနိဗ္ဗာန် စံဝင်ပြီးနောက် စူရတ်ပြည်ကို အုပ်စိုးသောမင်းဖြစ်၏။ ဝိမာနဝတ္ထု၌ ဖော်ပြထားသော ပါယာသိဘုရင်သည်လည်း ဘုရားပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်ပေါင်းအတန်ကြာမှ စိုးစံသောဘုရင်ဖြစ်၏။၁၈၉၄ ခုနှစ်က ယိုးဒယားဘုရင်က အနောက်နိုင်ငံ စာကြည့်တိုက်များသို့ လှူဒါန်းသော ပိဋကတ်သုံးပုံ၌ ဝိမာနဝတ္ထု၊ ပေတဝတ္ထု၊ ထေရဂါထာ၊ ထေရီဂါထာ၊ ဇာတက၊ အပဒါန၊ စရိယပိဋကနှင့်ဗုဒ္ဒဝံသကျမ်းများ မပါဝင်ချေ။ ထိုသို့ ယိုးဒယားမူ၌ မပါရှိသော ကျမ်းများသည် စင်စစ် ယင်းတို့၏မူလအစနှင့် စပ်လျဉ်း၍ ယခုခေတ်ပညာရှင်တို့ သံသယရှိသောကျမ်းများဖြစ်၏။ အိန္ဒိယပညာရှင် ပါမောက္ခ ဘီအမ်ဗရူဝါး(တိပိဋကာစရိယ) ၏ အဆိုအားဖြင်. ခုဒ္ဒကပါဌ၊ ဗုဒ္ဓဝံသ၊ စရိယာပိဋကနှင့် အပဒါနကျမ်းများကို ဒီဃဘာဏကအဖွဲ့ က ပါဠိတော်များအဖြစ်ဖြင့် အသိအမှတ်မပြုချေ။ ထိုကျမ်းများမှာ သီဟိုဠ်ရဟန်းတို့၏ လက်ရာဖြစ်သည်ဆို၏။

စရိယာပိဋက၊ ဗုဒ္ဓဝံသ စသည်တို့ သည် ခုဒ္ဒကနိကာယ်၌ ပါဝင်၍ ထိုနိကာယ်သည် နောက်ဆုံးထွက်ပေါ်လာသော နိကာယ်ဖြစ်သည်ဟု ပါဠိပညာရှင်တို့ ယူဆကြ၏။ ဝေသာလီပြည်၌ ထေရဝါဒီတို့ နှင့်စင်ပြိုင်သင်္ဂါယနာတင်သော မဟာသံဃိကဂိုဏ်းက ပိဋကတ်မှ နုတ်ပယ်ပစ်သည့် ကျမ်းများမှာ အဘိဓမ္မာကျမ်းများနှင့်ပဋိသမ္ဘိဒါ၊ နိဒ္ဒေသ၊ ဇာတကစသော ခုဒ္ဒကနိကာယ်ကျမ်းများ ဖြစ်၏။

တရုတ်ပိဋကတ်၌ ခုန္ဒကနိကာယ်မပါရှိဘဲ ပထမနိကာယ်လေးကျမ်းကိုသာ တွေ့ရ၏။ နိကာယ်ကို တရုတ်ပိဋကတ်၌ အာဂမဟုခေါ်၏။ ပါဠိနိကာယ်များကို ဆိုင်ရာ တရုတ်အာဂမများနှင့်နှိုင်းယှဉ်လေ့လာခြင်းဖြင့် နိကာယ်များပေါ်ပေါက်လာသော ရှေ့ နောက်အစီအစဉ်ကို အကြမ်းဖျင်းသိအပ်၏။ နိကာယ်လေးကျမ်းတွင် ဒီဃနိကာယ်သည် ဒီဃအာဂမနှင့် အတူညီဆုံးဖြစ်၏။ မဇ္ဈိမနိကာယ်နှင့် သံယုတ်နိကာယ်တို့ သည်လည်း ဆိုင်ရာတရုတ်အာဂမများနှင့်အတော်အတန် တူညီ၏။ မတူညီသော အချက်မှာ သုတ်အရေအတွက်နှင်. အစီအစဉ်ဖြစ်၏။ ဥပမာ မဇ္ဈိမနိကာယ်၌ ၁၅၂ ခုရှိ၍ မဇ္ဈိမအာဂမ၌ သုတ်ပေါင်း ၂၂၂ ခုရှိ၏။ မဇ္ဈိမအာဂမ၌ တွေ.ရသော အပိုသုတ်များကို သံယုတ်နှင့်အဂုင်္တ္တရနိကာယ်များ၌ တွေ့ ရ၏။ အင်္ဂုတ္တရနိကာယ်နှင့် အာဂမများမှာ အခြားနိကာယ်နှင့်အာဂမများလောက် တူညီသောအချက်များ မရှိချေ။(E.J. Thomos: History of Buddhist Thought, Appendix)

ထို့ကြောင့် နိကာယ်လေးကျမ်းများတွင် ဒီဃနိကာယ်သည် ရှေးအကျဆုံးဖြစ်၍ အင်္ဂုတ္တရနိကာယ်မှာ နောက်အကျဆုံး ဖြစ်ဟန်ရှိ၏။ သို့ရာတွင် နိကာယ်အသီးသီးကို တစ်ခုလုံးခြုံ၍ စဉ်းစားမှသာ ထိုသို့ယူဆနိုင်၏။ အမှန်ဆိုသော် ရှေးကျသော ဒေသနာများကိုလည်းကောင်း၊ နောက်ကျသောဒေသနာများကို လည်းကောင်း နိကာယ်အားလုံး၌ အနည်းအများ တွေ.ရ၏။ ဥပမာ ဒီဃနိကာယ်မှ ပါယာသိကသုတ်၊ မဟာသမယသုတ် စသည်တို့သည် အတော်နောက်ကျမှ ဝင်ရောက်လာသော သုတ်များဖြစ်၏။ မဇ္ဈိမနိကာယ်မှ အဿလာယနသုတ်သည် ယင်း၌ပါရှိသော ယောနက ကမ္ဘောဇနိုင်ငံ အမည်ကိုထောက်၍ အသောကမင်း လက်ထက်မတိုင်မီ ဂရိကို ဗက်ထရီးယားနိုင်ငံ ထင်ရှားရှိစဉ်က ဖြစ်ပေါ်လာဟန်ရှိ၏။ ခုဒ္ဒကနိကာယ်မှာ အခြားနိကာယ်များထက် နောက်ကျသည်မှန်သော်လည်း ယင်း၌ပါဝင်သော သုတ္တနိပါတ်မှာ ဗုဒ္ဓစာပေ၌ ရှေးအကျဆုံး ဒေသနာဖြစ်သည်ဟု အနောက်နိုင်ငံ ပါဠိပညာရှင်တို့ယူဆကြ၏။

အမှန်ဆိုသော် သုတ္တန်တစ်ခုတည်း၌လာသော ဒေသနာ၊သို့မဟုတ် စကားများသည်ပင် အားလုံးတစ်ချိန်တည်း၌ ပေါ်ပေါက်ခဲ့သည် မဟုတ်ချေ။မဟာပရိနိဗ္ဗာနသုတ်သည် အတော်ရှည်လျား၍ လေးနက်သော ဗုဒ္ဓတရားအတော်များများပါရှိ၏။ သို့ရာတွင်ထိုသုတ်၌လာသော စကားများသည် အားလုံးတစ်ချိန်တည်းဝင်လာသော စကားများမဟုတ်ချေ။ ဗုဒ္ဓသုတေသီ ဆရာတို့ ၏အလိုအားဖြင့် ထိုသုတ်သည် အကြိမ်ကြိမ်အထပ်ထပ်သုတ်သင်ပြင်ဆင်ထားသော သုတ်ဖြစ်၏။

ဗုဒ္ဓတရား အစစ်အမှန်ကို သိရှိလိုသောသူသည် ရှေးကျသော ပါဠိတော်များကို အခြားပါဠိတော်များထက် ပိုမိုဂရုပြုရပေမည်။ သို့ ရာတွင် ဒေသနာအားလုံးကို ပညာဥာဏ်ဖြင့်ဆင်ခြင်သုံးသပ်ဖို့လို၏။ အဘယ်ကြောင့်ဆိုသော် နှစ်ပေါင်းများစွာ နှုတ်ဖြင့်ဆောင်ခဲ့သော အချို့ ဒေသနာများသည် မူလဗုဒ္ဓဝါဒမှ အနည်းအများချွတ်ချော်တိမ်းစောင်းဖွယ်ရာ အကြောင်းများရှိ၏။ ဗုဒ္ဓလက်ထက်က ရဟန်းပြုသူ အလွန်များပြားခြင်း၊ ဥပမာ ဥရုဝေဠကဿပ နှင့် ရသေ့တစ်ထောင်တို့အစုလိုက်အပြုံလိုက် ဗုဒ္ဓသာသနာသို့ ကူးပြောင်းလာခြင်းကို ထောက်သော် ဗုဒ္ဓတရားကို ခြေခြေမြစ်မြစ်နားမလည်ဘဲ ဗုဒ္ဓကို ကြည်ညိုသောကြောင့်၊ သို့မဟုတ် ကြားနာရသော ဒေသနာတစ်ခုကို နှစ်သက်ကာမျှဖြင့်ဗုဒ္ဓ၏ တပည့်ရဟန်းဖြစ်နေသောသူ အတော်များများ ရှိခဲ့တန်ရာ၏။ စင်စစ် ရှင်အဿဇိအမည်ရှိ ရဟန်းတစ်ပါးကမူ ဗုဒ္ဓဓမ္မကို မိမိ ကောင်းစွာနားမလည်သေးကြောင်း ရှင်သာရိပုတ္တရာ အလောင်း ဥပတိဿလုလင်အား ပြောကြား၏။ ပိဋကတ်ဆောင်ဘာဏကအဖွဲ့ များ၌ ရှင်အဿဇိကဲ့သို့ သောပုဂ္ဂိုလ်များရှိရပေမည်။ သူတို့ သည် မိမိတို့နှစ်သက်သော ဒေသနာများကို အလေးပေး၍ မနှစ်သက်သော ဒေသနာများကိုကား ကောင်းစွာမှတ်သားထားမည်မဟုတ်ချေ။

မဟာပရိနိဗ္ဗာနသုတ်၌ တရားဒေသနာများကို အမှားအမှန် ဆုံးဖြတ်ရန် ဗုဒ္ဓဟောကြားခဲ့သော မဟာပဒေသ တရားလေးပါးကို ဖော်ပြထား၏။ ဗုဒ္ဓ၏အလိုအားဖြင့်ကား ပိဋကတ်ဒေသနာကို နှုတ်ငုံဆောင်သော သံဃာမထေရ်တို့၏ စကားကို မဆိုထားဘိ၊ ဘုရားရှင်မျက်မှောက်မှ ကြားနာခဲ့ရသည်ဆိုသော စကားကိုပင် ဝိနည်းတရား၊ သုတ်တရားနှင့် ချိန်ထိုး၍ ကိုက်ညီမှသာ လက်ခံယုံကြည်ရမည်ဖြစ်၏။ (အဘိဓမ္မာတရားနှင်. ညှိနှိုင်းရမည်ဟု မဆိုကြောင်းသတိပြုရာ၏။)

သို.ရာတွင် ကျွန်ုပ်တို့၏ လက်ရှိပိဋကတ်မှ သုတ်တရားဝိနည်းတရားသည် ဗုဒ္ဓဟောသောမူလသုတ်တရား၊ ဝိနည်းတရားနှင့် မည်မျှထပ်တူဖြစ်သည်ကို အတိအကျ အခိုင်အမာ မသိရချေ။သုတ္တန်နှင့် ဝိနည်းပိဋကတ်များသည် မြန်မာနိုင်ငံသို့ မရောက်မီက လေးကြိမ်တိတိ သင်္ဂါယနာတင်ပြီးဖြစ်သည်မှန်၏။ သို့ဖြစ်စေကာမူ ထေရဝါဒသမိုင်း၌ ထင်ရှားသော သင်္ဂါယနာလေးခုသည် ပါဠိပိဋကတ်ကို လေ့လာစိစစ်သော သုတေသီပညာရှင်တို့၏ အမြင်အားဖြင့်များစွာအရေးပါလှသည် မဟုတ်ချေ။

မြောက်ပိုင်းဗုဒ္ဓဝါဒီတို့သည် ပထမသင်္ဂါယနာကိုသာ အသိအမှတ်ပြု၍ အခြားသင်္ဂါယနာများအကြောင်းကို မသိကြချေ။ တတိယသင်္ဂါယနာအကြောင်းကို မဟာဝင်နှင့်အဌကထာကျမ်းများ၌ စုံစုံစေ့စေ့ ရေးသားထားသော်လည်း အသောကမင်း၏ ကျောက်စာများ၌ လုံးဝ ဖော်ပြမထားခြင်းမှာ စဉ်းစားဖွယ်ဖြစ်၏။

အခြားစဉ်းစားရန် ရှိသည်ကား သင်္ဂါယနာတင်သော ပုဂ္ဂိုလ်တို့သည် ရဟန်းသံဃာတစ်စုတစ်ဖွဲ့မျှသာဖြစ်၍ သူတို့အတည်ပြုသော ဗုဒ္ဓဒေသနာများကို အခြားရဟန်းသံဃာတို့က မည်မျှလက်ခံ အသိအမှတ်ပြုပါသနည်းဟူသော အချက်ဖြစ်၏။ ရာဇဂြိုဟ်ပြည်၌ ပထမသင်္ဂါယနာတင်နေစဉ် ပုရာဏအမည်ရှိသော မထေရ်သည် ရောက်လာ၍ အခြားရဟန်းတို့က အရှင်ပုရာဏအား သင်္ဂါယနာတင်နေသော မထေရ်ကြီးတို့ထံသို့ ချဉ်းကပ်ရန် တိုက်တွန်းကြ၏။ ထိုအခါ အရှင်ပုရာဏက “ငါရှင်တို့၊ မထေရ်ကြီးတို့သည် ဓမ္မနှင့် ဝိနယကို ကောင်းစွာသင်္ဂါယနာတင်အပ်။ သို့သော် ငါသည်ဘုရားရှင်၏ မျက်မှောက်၌ ကြားနာသင်ယူပြီးသည့် အတိုင်းသာလျင် တရားတော်ကို ဆောင်အံ့” ဟုပိဋကတ်သည် မဇ္ဈိမဒေသရှိ ရဟန်းသံဃာအားလုံး တညီတညွတ် အသိအမှတ်ပြုသော ပိဋကတ်ဟူ၍ မဆိုနိုင်ကြောင်း ထင်ရှား၏။

ထို့အပြင် သင်္ဂါယနာတင်သော ရဟန်းသံဃာသည် ဒေသနာများကို စုပေါင်းရွတ်ဆိုရုံမှတစ်ပါး စေ့ငုသေချာစွာ လေ့လာဆန်းစစ်မှု၊ ဝေဖန်သုံးသပ်မှုပြုသော လက္ခဏာ မရှိချေ။ သို့ဖြစ်၍ အနောက်နိုင်ငံ ပါဠိသုတေသီပညာရှင်တို့က ယခုလက်ရှိ ပါဠိပိဋကတ်၏ တစ်စိတ်တစ်ဒေသမျှသည်ပင် ထိုသင်္ဂါယနာတင်ပါဠိတော်များ နှင့်ထပ်တူဖြစ်သည်ဟု ဆိုရန် ခိုင်မာလုံလောက်သော အထောက်အထားမရှိဟု ယူဆကြ၏။

မည်သို့ဖြစ်စေ သံသယရှိမှု လွန်ကဲနေပါက ပါဠိပိဋကတ်ကို ဖြစ်စေ၊ အခြားဘာသာရေး ကျမ်းဂန်များကို ဖြစ်စေ လေ့လာခြင်းသည် အချည်းနှီးဖြစ်ပေလိမ့်မည်။ လိုအပ်သည်ကား သံသယရှိမှု လွန်ကဲ၍ ပိဋကတ်စာပေတစ်ခုလုံးကို ပယ်ခြင်းနှင့်သဒ္ဓါယုံကြည်မှုလွန်ကဲ၍ ပိဋကတ်လာ စကားအားလုံးကို မျက်စိမှိတ် လက်ခံခြင်းတည်းဟူသော အစွန်းနှစ်ဖက်လွတ်သည့်အလယ်လမ်းကို လိုက်ရန်ဖြစ်၏။

စင်စစ် အချို့ သုတ္တန်တရားများနှင့် သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ဗောဇ္ဈင်ခုနှစ်ပါး စသောတရားများမှာ မူလဗုဒ္ဓဝါဒအစစ်ဖြစ်ကြောင်း ပါဠိပိဋကတ်ကို လေးလေးနက်နက် လေ့လာသော အနောက်တိုင်း ပညာရှင်အားလုံးက လက်ခံယုံကြည်ကြ၏။သံသယရှိသော ဒေသနာများကို ထိုခိုင်မာသော အခြေခံ ဗုဒ္ဓတရားများဖြင့် ချိန်ထိုး၍ အမှားအမှန် ဆုံးဖြတ်ရပေမည်။ ဤနေရာ၌ အချို့ ဒေသနာများကို ဥပမာဆောင်၍ ဥပမာဆောင်၍ ပြပါအံ့။

ဗုဒ္ဓမှတစ်ပါး ကိုးကွယ်ရာမရှိ ဆိုသောစကားသည် ဗုဒ္ဓကိုယ်တိုင် ထပ်တလဲလဲ ဟောသော မိမိကိုယ်ကိုသာ အားကိုးကြ၊ မိမိမှတစ်ပါး အခြားအားကိုးရာမရှိ ဟူသည့် ဩဝါဒနှင့်ဆန့်ကျင်၍ ဗုဒ္ဓ၏ စကားမဖြစ်နိုင်ကြောင်း ထင်ရှား၏။

ဗုဒ္ဓသည် သုဇာတာအား သခင်နှင့်တူသော မယား၊ ကျွန်နှင့်တူသောမယား၊ မိတ်ဆွေနှင့်တူသော မယားစသည်ဖြင့်မယားခုနှစ်မျိုးရှိသည်.အနက် ကျွန်နှင့်တူသော မယားမှာ အမြတ်ဆုံး ဖြစ်ကြောင်းအင်္ဂုတ္တရနိကာယ်၌ ဟောသည်ဆို၏။ ဤစကားမှာ တရားမျှတမှု မရှိဘဲ သိင်္ဂါလောဝါဒသုတ်၌ ဘုရားဟောသော လင်၏ကျင့်ဝတ်၊ မယား၏ ကျင့်ဝတ်များနှင့်ဆန့်ကျင်သောကြောင့် ဗုဒ္ဓ၏စကားမဟုတ်ဘဲ မိန်းမများကို ဖိနှိပ်လိုသော ပိဋကတ်ဆရာတို့၏ စကားဖြစ်တန်ရာ၏။

ဗုဒ္ဓသည် ဘုရားဖြစ်ပြီးခါစက ဗာရာဏသီပြည်သို့ ကြွသွားရာလမ်းခရီး၌ တွေ့ရသော ဥပကတက္ကတွန်းအား “ ငါသည် အလုံးစုံကို လွှမ်းမိုးနိုင်၏။ အလုံးစုံကို ငါသိ၏။ လောက၌ အတုမရှိသောသူဖြစ်၏။” စသည်ဖြင့် မိန့်တော်မူသည်ဆို၏။ ဤစကားမှာ မာန်မာနနှင့်ဝင့်ဝါပလွှားမှု လုံးဝကင်းသော ဗုဒ္ဓ( ဗုဒ္ဓအခန်း နှင့်ဗုဒ္ဓကိုးကွယ်မှုအခန်း၌ အကျယ်ဖော်ပြပါအံ့။) စကားဖြစ်သည်ဟု ကျွန်ုပ်တို့ မယူဆနိုင်ချေ။

တစ်ခုနှင့်တစ်ခု ဆန့်ကျင်သယောင် ဖြစ်နေသော အချို့ ပိဋကတ်ဒေသနာများကို လေ့လာရာ၌ကား ကြားနာသောပုဂ္ဂိုလ်နှင့်ကာလဒေသကို ထည့်သွင်းစဉ်းစားရပေမည်။ တစ်နည်းဆိုသော် ဗုဒ္ဓတရားကို ကောင်းစွာသိမြင်နားလည်ရန် ဗုဒ္ဓဝါဒ၏သမိုင်း၊ ဗုဒ္ဓမပွင့်မီက ရှိနှင့်ပြီးဖြစ်သော အိန္ဒိယဘာသာ အယူဝါဒ၊ အတွေးအခေါ်နှင့်ခေတ်အခြေအနေကို သိရှိဖို့လို၏။ ဗုဒ္ဓသည် မည်သို့သော ပုဂ္ဂိုလ်ဖြစ်သည်။ မည်သို့သော သူများကို ဟောပြောသည်။ ဟောပြောရ၌ မည်သို့သောနည်းကို သုံးသည် စသည်တို့ကို ကောင်းစွာနားလည်ထားရပေမည်။ အယူဝါဒသစ်တစ်ခု ပေါ်ထွန်းမှုသည် ရှေးဦးပထမ ဟောပြောသော ပုဂ္ဂိုလ်နှင့် ပတ်ဝန်းကျင် အခြေအနေ ပေါ်၌တည်ကြောင်း ကျွန်ုပ်တို့မမေ့သင့်ချေ။

2 comments:

Min Aung said... @ July 12, 2014 at 7:31 PM

အလွန်ကောင်းသောအကြောင်းအရာ၊ အလွန်ဆွေးနွေးထိုက်သော အကြောင်းအရာ ဖြစ်ပါသည်။ တင်ပြပုံလည်း
ကောင်းသည်။

Myo Thet Zaw said... @ November 7, 2016 at 7:04 PM

ဒါ ဆရာကြီး ဦးအေးမောင်ရေးထားတဲ့ ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ စာအုပ်ထဲက လားခင်ဗျာ ။

Post a Comment