ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ

Buddha and his Doctrine

ဤစာအုပ်သည်......

အခန်း (၅) ဒုက္ခသစ္စာ

Published by roman under on 7:41 PM

အခန်း (၅)
ဒုက္ခသစ္စာ

‘‘ပညာရှိသည်ချမ်းသာသုခကိုမရှာဘဲ
ဆင်းရဲဒုက္ခမှ လွတ်မြောက်မှုကိုသာရှာ၏ ။’’
Aristotle
သံသရာဝဋ်ဆင်းရဲကိုဖော်ပြ၍
ထိုဝဋ်ဆင်းရဲမှ လွတ်မြောက်ဖို့ရန်လမ်းညွှန်ပြသော
ဗုဒ္ဓ၀ါဒကိုစိတ်ပျက်ဖွယ်ရာ ဒုက္ခ၀ါဒ(Pessimism)ဖြစ်သည်ဟုမဆိုနိုင်ချေ။

*ဗုဒ္ဓ၏ ပဓာနရည်ရွယ်ချက်သည် လူသတ္တ၀ါတို့အား ဆင်းရဲဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်လမ်းခရီးကို ညွှန်ပြရန်ဖြစ်၏ ။

ဗုဒ္ဓသည် ထိုရည်ရွယ်ချက်နှင့် ဆက်စပ်ခြင်းမရှိသော အချို့ တရားတော်များကို ဟောတော်မမူချေ ။ ဗုဒ္ဓလက်ထက်ကအချို့ လူတို့သည် လောကသည် အဆုံးရှိသလော၊မရှိသလော ။ ဇီဝနှင့်ခန္ဓာသည် ထပ်တူဖြစ်သလော၊တခြားစီဖြစ်သလော ။ရဟန္တာသည် ပရိနိဗ္ဗာန်ပြုပြီးနောက် ရှိသလော၊မရှိသလော စသောပြဿနာများ၌ စိတ်ဝင်စား၍ ဗုဒ္ဓအားမေးလျှောက်ကြ၏ ။
ဗုဒ္ဓသည် ထိုမေးခွန်းများမှာ မဂ်နိဗ္ဗာန်ခရီး၌ ခလုတ်ဆူးငြောင့်များ ဖြစ်သည်ဆို၍ မည်သို့မျှ ဖြေတော်မမူချေ ။
*ထိုပြဿနားများကိမေးလျှောက်သော မာလုကျပုတ္တရဟန်းအား ဗုဒ္ဓက ‘‘မာလုကျ၊ ဥပမာသော်ကား အဆိပ်လူမြားမှန်၍ဒဏ်ရာရသောလူတစ်ဦးသည် အကယ်၍ ချက်ချင်းအကုအသမခံဘဲ မိမိအား ရန်ပြုသောသူ၏ အမည်၊အမျိုးဇာတ်၊ပုံပန်သဏ္ဌာန်၊နေထိုင်ရာအရပ်ဒေသ စသည်တို့ကို စုံစမ်းမေးမြန်းနေပါက အသက်သာလျှင် ဆုံးရှုံးရာ၏ ။ထို့အတူသင်သည် ဤပြဿနာများ၏အဖြေသိရှိမှသာ ရဟန်းတရားအားထုတ်မည်ဆိုပါက သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်မည်မဟုတ်။ ထိုပြဿနာများသည်
အဖြေမည်သို့ပင်ဖြစ်စေကာမူ၊လောက၌ ဒုက္ခတရားသည်ကား မုချရှိ၏ ။ထိုပြဿနာများသည်ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာနိဗ္ဗာန်အကျိုးငှာမဖြစ်သောကြောင့် ငါသည်မဖြေကြားဘဲ သစ္စာလေးပါးတရားကိုသာဟောသည် ’’ ဟုမိန့်ကြား၏ ။(မဇ္ဈိမနိကာယ်၊စူဠမာလုကျသုတ်)
*သစ္စာလေးပါးတရားတွင် ရှေးဦးပထမ သစ္စာမှာ ဒုက္ခသစ္စာဖြစ်၍ ဗုဒ္ဓ၀ါဒီအဖို့ ဒုက္ခတရားကို ခြေခြေမြစ်မြစ် သိမြင်နားလည်ရန်အရေးကြီး၏ ။ထေရ၀ါဒသည် တိုင်းပြည်ငြိမ်းချမ်း၍ ချမ်းသာကြွယ်ဝသော အမေရိကန်ပြည်ထောင်စု၌ အားနည်း၍ ၂၀ရာစုအတွင်းကစစ်ဘေးဒုက္ခဒဏ်နှင့် ဆင်းရဲဒုက္ခအမျိုးမျိုး ကြုံတွေ့ ခဲ့ရသော အင်္ဂလန်နှင့်အတော်အတန့်ပျံ့ နှံ့နေခြင်းမှာအကြောင်းမဲ့မဟုတ်ချေ။အာရှတိုက်ရှိ ထေရ၀ါဒနိုင်ငံများ၌မူ လုတို့သည်အများအားဖြင့် ဒုက္ခတရားကိုကောင်းစွာမသိမမြင်ကြသောကြောင့် ဗုဒ္ဓ၀ါဒကို ကျေကျေညက်ညက်နားလည်ကြဟန်မတူချေ။
*ဒုက္ခတရားကိုဟောသော ဗုဒ္ဓဒေသနာများ၌ အိုမှု၊နာမှု၊သေမှုကိုရှေ့ တန်းသို့ တင်ထားခြင်းမှာ လောက၌ အလွန်းထင်ရှား၍ လူတိုင်းတွေ့ ကြုံရသောကြောင့် လူအများနားလည်ရန်ပြဆိုထားခြင်းဖြစ်၏ ။အမှန်ဆိုသော် အိုမှု၊နာမှု၊သေမှု လုံးဝကင်းသောအခါ၌ပင် ဤလူ့ ဘုံသည်ထာဝရငြိမ်းချမ်းသာယာသော ဘုံဖြစ်ပါမည်လောဟု သံသယဖြစ်ဖွယ်ရှိ၏ ။ဤအကြောင်း စဉ်းစားရန်အချက်ကိုရှေ့ ၌ဖော်ပြပါမည်။ စစ်စင်ဗုဒ္ဓသည် ဘုရားမဖြစ်မီက ဇရာ၊ဗျာဓိနှင့်မရဏဘေးကြိုမင်၍ ရဟန်းပြုခြင်းမဟုတ်ကြောင်းဆိုင်ရာဒေသနာများကိုပြဆိုခဲ့ပေပြီ။
*ဓမ္မစကြာသုတ်၌ အိုမှု၊နာမှု၊သေမှုလောက် လူတို့ဂရုမပြုမိသော ဒုက္ခနှစ်မျိုးကိုမြတ်စွာဘုရားကဟောကြားထား၏ ။ ယင်းတို့မှာ အလိုဆန္ဒမပြည့်ဝမှုနှင့်အလိုဆန္ဒအညီမဖြစ်
မှု့၊(သို့မဟုတ်)အလိုဆန္ဒနှင့်ဆန့်ကျင်၍ဖြစ်မှု၊(၀ါ)ရတာမလို၊လိုတာမရဖြစ်၏ ။ စေတသိက ဒုက္ခများဖြစ်၍
ကာယိကဒုက္ခများကဲိ့သို့ မထင်မရှားစေကာမူ ပုဂ္ဂိုလ်သတ္တ၀ါတိုင်ကြုံတွေ့ ရတတ်ခြင်းကို ယုံမှားစရာမရှိချေ။
*ဒုက္ခတရားကိုသိမြင်မှုသည် ဘ၀အတွေ့ အကြုံပေါ်တွင်မတည်ချေ။အတွေ့ အကြုံသာလျှင် ပဓနာဖြစ်ပါက ဆရာဝန်များသည် ဒုက္ခတရားများကိုအများဆုံးသိမြင်သောသူများဖြစ်ပေရလိမ့်မည်။ မျက်မြင်အားဖြင့် ဆင်းရဲဒုက္ခရောက်နေပါလျက် ပျော်ရွှင်နေသူများမှာ မနည်းလှချေ။ ဗုဒ္ဓလက်ထက်မှစ၍ ယနေ့ထိ ဒုက္ခတရားကိုသိမြင်၍ လူ့ ဘ၀ကိုငြီးငွေ့ သူများမှာ အများအားဖြင့်ဘ၀အခြေအနေ မြင့်မား၍ စည်းစိမ်ချမ်းသာခံစားခဲ့ကြသောပုဂ္ဂိုလ်များဖြစ်၏ ။ ဒုက္ခတရားသိမြင်မှုသည် အသိပညာရှိမှု ကာမတဏှာနည်းပါးမှုနှင့်ဆက်စပ်နေဟန်ရှိ၏ ။စင်စစ်ကာမဂုဏ်ချမ်းသာ၌များစွာမပျော်မွေ့ ပဲ
အသိပညာအသင့်အတင့်ရှိသောပုဂ္ဂိုလ်သည် လူ့လောက၊လူ့ဘ၀ကို ယထာဘူတာကျကျ ဆင်ခြင်သုံးသပ်ပါက ဒုက္ခသစ္စာကိုလေးလေးနက်နက်သိမြင်လာမည် အမှန်ဖြစ်ဖြစ်၏ ။
*ကမ္ဘာသမိုင်းတစ်လျှောက်၌လူတို့သည်ငလျင်းလှုပ်ခြင်း၊မီးလောင်ခြင်း၊ရေလွှမ်းမိုးခြင်း၊လေမုန်တိုင်းတိုက်ခတ်ခြင်းစသော သဘာဝဘေးအန္တရာယ်များကြောင့်ဆင်းရဲဒုက္ခကြုံတွေ့ခဲ့ကြရ၏ ။ယခုလည်း သဘာဝတရား၏ ဖောက်ပြန်မကြောင့် လူအမြောက်အများ သေကြေပျက်စီးခြင်း၊အိုးမဲ့အိမ်မဲ့ဖြစ်ခြင်း စသောသတင်းများမကြာခဏကြားသိရ၏ ။လူသည်သဘာဝတရား၏ထုထောင်းခြင်းကိုခံရသည့်အပြင် လူလူချင်း ညှင်းပန်းနှိပ်စက်မှုကိုလည်းခံရ၏ ။လုတို့ကြုံတွေ့ ရသောဤဒုတိယဆင်းရဲဒုက္ခမျိုးသည် ရှေးပဝေဏသီမှစ၍ ယနေ့တိုင် အတိုင်းတိုင်းအပြည်ပြည်၌ ပေါ်ပေါက်ခဲ့သော စစ်ပွဲများ၊ဖိနှိပ်ချုပ်ချယ်မှုများ၊အနိုင်ကျင့်မှုများ၊မတရားပြုကျင့်မှုများစသည်တို့ဖြင့် ထင်ရှား၏ ။ထို့ကြောင့် ရောမနိုင်ငံ သမိုင်းကျမ်းကြီးကိုပြုစုခဲ့သော ဂစ်ဘွန်(GIBBON:The Decline and Fall of Roman Empire)က ‘‘လူ့သမိုင်းမည်သည်လူတို့၏မိုက်မဲဆိုးသွမ်းမှု၊ရက်စက်ကြမ်းကြုတ်မှုနှင့်ဒုစရိုက်ပြစ်မှုအကြောင်းမှတ်တမ်းမျှသာဖြစ်ပေသည်။ ’’ဟုရေးသားခဲ့၏*သို့ဖြစ်စေကာမူယနေ့ကမ္ဘာသည်လွန်းခဲ့သောနှစ်ပေါင်းတစ်ရာကကမ္ဘာနှင့်မတူဘဲသိသိသာသာပြောင်းလဲလျက်ရှိသည်။ ယခုခေတ်လူတို့သည်သမိုင်းအတွေ့အကြုံသမိုင်းသင်ခန်းစာများကြောင့်အသိအမြင်တိုးပွား၍ကမ္ဘာလူထုကောင်းစားရေးကိုအာရုံစူးစိုက်လာကြသည်။ လူ့လောကကြီးပွားချမ်းသာမှုအတွက်မှီခိုအားထားရာဖြစ်သော သိပ္ပံညာသည်အလျင်အမြန် တိုးတက်နေသည်။ ကမ္ဘာ့ကုလသမဂ္ဂကလည်း ကမ္ဘာငြိမ်းချမ်းရေးကိစ္စများကိုရှေးရှုဆောင်ရွက်နေသည် စသည်ဖြင့်အချို့ပုဂ္ဂိုလ်တို့က လူ့ဘောင်ဆင်းရဲဒုက္ခ ကင်းငြိမ်းမည့် နိမိတ်လက္ခဏာများကိုထောက်ပြကြသည်။
*မျက်မြင်ဒိဌအားဖြင့်မူ ကမ္ဘာ့ဆင်းရဲသားလူထု၏ စားဝတ်နေမှု ဘ၀မြှင့်တင်ရန် ပေါ်ထွန်းလာသည်ဆိုသော ဆိုရှယ်လစ်စီးပွားရေးစနစ်မှာလည်းမအောင်မြင်ဘဲကမ္ဘာအရပ်ရပ်၌မရှုမလှကျဆုံးနေပေပြီ။ကမ္ဘာ့ကုလသမဂ္ဂသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ဖြစ်မှု၊ပြည်တွင်းစစ်ဖြစ်မှုများကိုမတားဆီးနိုင်ဘဲလျစ်လျူရှုနေရသည်ကများသည်။သိပ္ပံပညာသည်လည်းအံ့ဘွယ်လိလိတိုးတက်လာသော်လည်း၎င်း၏အသီးအပွင့်များကိုကမ္ဘာ့လူထုကအပြည့်အ၀မခံစားရသေးချေ။ တစ်ဖက်၌လည်းသိပ္ပံပညာ၏တီထွင်မှုများကြောင့်လူနေမှုဘ၀သက်သာချောင်လည်လာသည်နှင့်အမျှအခြားတစ်ဖက်၌လည်း၊
ဓာတုလက်နက်၊ဇီဝလက်နက်စသောလက်နက်အသစ်အဆန်းများကြောင့်လူမျိုးသုဉ်းစစ်ဖြစ်မည့် အန္တရာယ်ကိုကြောက်ရွံ့ နေကြရ၏ ။
*လောက၌အကောင်းအဆိုးသည်အမြဲလိုလိုဒွန်တွဲနေတတ်၏။ဣဌာရုံကိုစွဲမက်နေသောကြောင့်လူတို့သည်ယင်းတို့၏နောက်မှမသိမသာ ထပ်ကြပ်လိုက်ပါလာသော အနိဌာရုံ အကျိုးဆက်ကို မသိမြင်ကြချေ။ ဆေးသိပ္ပံပညာ၏ တိုးတက်မှုကြောင့် လူတို့သည်ရှေးကထက်ပို၍ကျန်းမာအသက်ရှည်လာကြ၏။သို့ရာတွင်တိုးတက်မှုကိုအကြောင်းပြု၍နိုင်ငံအတော်များများ၌အဆမတန် တိုးပွားလာသော လူဦးရေပြဿနာကိုရင်ဆိုင်နေကြရသည်။အချို့ အသိပညာရှင်တို့ကလည်း ဆေးပညာသည် ကျန်းမာရေးဗီဇဓာတ်ခံညံ့ဖျင်းသူတို့အား အသက်ဆက်ပေးသောကြောင့်ကမ္ဘာပေါ်၌ သူတပါးကိုမှီခိုအားထား
နေရသောဒုက္ခိတလူနာများတစ်နေ့တစ်ခြားတိုပွားနေပါသည်ဟုဆိုကြ၏။ဆေးသိပ္ပံပညာသည်အတိုင်းမသိတိုးတက်၍တစ်နေ့သောအခါ
ကမ္ဘာပေါ်၌အိုဘေး၊နာဘေးလုံးဝပျောက်ကွယ်၍သေခြင်းတရားကိုမလွန်ဆန်နိုင်သည့်
တိုင် နှစ်ပေါင်း၁၂၀အထိအသက်ရှည်သည်ဆိုပါစို့။ထို့သို့သောလူ့လောက၌ကြောက်ခမန်းလိလိ လူဦးရေတိုးပွား၍ပိုမိုဆိုးရွားသောဆင်းရဲဒုက္ခအမျိုးမျိုးကြုံတွေ့ရမည်အမှန်ဖြစ်၏။အိုခြင်း၊နာခြင်း၊သေခြင်းလုံးဝကင်းသောလူတို့သည်ချမ်းသာ
သုခရရှိလိမ့်မည်ဟူ၍လည်းမည်သူမျှအသေအချာမပြောဆိုနိုင်ချေ။အဘယ်ကြောင့်ဆိုသော်လူတို့နေ့စဉ်သွားလာလုပ်ကိုင်မှု၏ အဓိကအကြောင်းတစ်ရပ်မှာအိုနာသေဘေးမှ ကာကွယ်ရန်ဖြစ်ပေရာ ထိုအကြောင်းတရားမရှိသောအခါ၌ အလုပ်လုပ်လိုသောဆန္ဒနည်းပါး၍ ပျင်းရိငြီးငွေ့လာမည်မုချဖြစ်သည်။
*ဘ၀ကိုငြီးငွေ့မှုသည် ကမ္ဘာပေါ်၌ မတောင့်မတာ မကြောင့်မကြနေကြရသော အနည်းငယ်လေသော လူတစ်စုကြုံတွေ့ ရသော ဆင်းရဲဒုက္ခတစ်မျိုးဖြစ်သည်။သူတို့၏ ဘ၀ငြီးငွေ့မှုမှာ ဘုရားအလောင်း၏အသိပညာဥာဏ်နှင့်ယှဉ်သော ငြီးငွေ့မှုမဟုတ်သောကြောင့် မကောင်းသော. အထူးသဖြင့်မိမိကိုယ်ကိုဖျက်ဆီးမှုအကျိုးဆက်များ ပေါ်ပေါက်လာစမြဲဖြစ်သည်။သို့ဖြစ်၍ ယနေ့ကြီးပွားချမ်းသာနေသော အနောက်နိုင်ငံများ၌ မူးယစ်ဆေးဝါးမှီဝဲသူ၊ကာမဖောက်ပြန်သူ၊
စိတ္တဇရောဂါစွဲကပ်သူနှင့် မိမိကိုယ်မိမိသတ်သေသောသူများတွင် ဘ၀ပြည့်စုံသောကြောင့် ပျင်းရိငြီးငွေ့နေသော ပုဂ္ဂိုလ်အတော်များများ ပါဝင်ကြောင်း သိရှိရ၏။
*ဘ၀ကိုငြီးငွေ့သော လူတို့၏ ပြည့်စုံမှုသည် ရုပ်တရားပြည့်စုံမှုသာလျှင်ဖြစ်၍ နာမ်တရားဘက်ကလည်း ပြည့်စုံလျှင် ပျင်းရိငြီးငွေ့ခြင်း ဖြစ်မည်မဟုတ်ဟု အချို့ လူများကဆိုကြပေလိမ့်မည်။ သို့ရာတွင် လူသည် အသိတရား တိုးပွားလာလေ လောက၌ မပျော်မွေ့ပဲ စိတ်ပျက်ငြီးငွေ့လာလေဖြစ်တတ်၏။ ဘာမျှမသိမတတ်သောကလေးသည် အပျော်ရွှင်ဆုံးဖြစ်၏။ ယောက်ျားသည် အများအားဖြင့် မိန်းမထက်စိတ်ဓာတ်ရင့်ကျက်မှု၊ နိုင်ငံရေး လူမှုရေးကိစ္စရပ်များ၌ စိတ်ဝင်စားမှု၊ဆင်ခြင်စဉ်စား
မှုရှိ၍ မိမိကိုယ်ကိုသတ်သေသောသူများ ၊စိတ္တဇရောဂါ စွဲကပ်သောသူများတွင်ယောက်ျားဦးရေက ပိုများ၏။အသိပညာအရပ်ရပ်၌ ထူးချွန်ပြောင်မြောက်သောဥာဏ်ပညာရှင်များသည် ပတ်ဝန်းကျင် လူ့လောကနှင့် ခွင်မကျဘဲ စိတ်ပျော်ရွှင်မှု ကင်းဝေးကြ၏။ သို့ဖြစ်၍ ထိုကမ္ဘာ့ဥာဏ်ပညာရှင်များတွင် စိတ်ပုံမမှန် ဖောက်ပြန်သောသူများမှာ မနည်းလှချေ။
*လူ၏အသိတရား တိုးတက်မှုနည်းတူ ကိုယ့်ကျင့်တရား တိုးတက်မှုသည်လည်းစိတ်ဆင်းရဲမှုနှ
င့်ဆက်စပ်နေကြောင်း ဆိုင်ကိုအနယ်လစ်စ်(Psychoanalysis)စိတ်ပညာရှင် ဆစ်ဂမန်ဖရိုက်(Sigmund Freud) က သူ၏စာအုပ်များ၌ အကျယ်ပြဆိုထား၏။ သူ၏အဆိုအားဖြင့် လူသည်စိတ်ယုတ်၊စိတ်ညံ့များကိုနှိပ်ကွပ်ဆုံး၍ယဉ်ကျေးလာသော်လည်း ထိုကိလေသာစိတ်များသည် အကြွင်းမဲ့ချုပ်ငြိမ်းမသွားဘဲ မနောဝိဥာဏ်၏အောက်ပိုင်း၌ မသိစိတ်အဖြစ်ကိန်းအောင်းနေကြ၏။ ယင်းတို့သည်မနောဝိဥာဏ်၏ အပေါ်လွှာသို့ အသွင်အမျိုးမျိုးအဖြင့် တစ်ခါတစ်ရံ ပေါ်လာ၍ စိတ်ကောင်းနှင့်စိတ်ယုတ်တို့သည် ပဋိပက္ခဖြစ်ကာ လူသည်စိတ်မကျေနပ်ခြင်း၊မတည်ငြိမ်ခြင်း၊စိတ်ဆင်းရဲခြင်းစသော ဒေါမနဿ ဝေဒနာများကို ခံစားရ၏ ။ ထို့ကြောင့် စိတ်လွတ်လပ်သော လူရိုင်းများထက် စိတ်ထိန်းချုပ်ထားသော နိုင်ငံကြီးသား‘‘လူယဉ်ကျေးများ’
တွင် စိတ္တဇရောဂါ စွဲကပ်သူ ပိုမိုပေါများသည်ဟု စိတ်ပညာရှင်တို့ဆိုကြ၏ ။ စင်စစ် မနုသကယကိလေသာကိုလှုံ့ ဆော်အားပေးသော ကာမအာရုံများ လွှမ်းမိုးနေသည့်လူ့လောကသည်ကိုယ်ကျင့်တရားကိုမြတ်နိုးသောသူနှင့်မသင့်လျော်ချေ။ထို့ကြောင့် သူတော်သူမြတ်တို့သည်လူ့ဘောင်ကိုရှောင်ခွာ၍ တောထွက်ခြင်းဖြစ်ပေသည်။
*ဤသို့လူ၏တိုးတက်မှုသည် အဘက်ဘက်၌ ဆင်းရဲဒုက္ခနှင့် ဒွန်တွဲနေသောကြောင့် လောက၌ချမ်းသာသုခဟူ၍ ဧကန်စင်စစ်ရှိပါ၏လောဟု သံသယဖြစ်ဖွယ်ရှိ၏။ဂျာမန်ဒဿနကဆရာ ရိုပင်ဟွာက လောက၌ဆင်းရဲဒုက္ခသည်သည ထင်ရှားရှိ၍ ဆင်းရဲဒုက္ခကင်းငြိမ်းခြင်းသည်ပင်ချမ်းသာသုခဖြစ်သည်ဟုဆို၏ ။ဂရိပညာရှင် အီပီကုရပ်(Epicurus) က ‘‘စိတ်ချမ်းသာမှုကိုမရှာအပ်။ ဆင်းရဲဒုက္ခမှ လွတ်မြောက်မှုကို ရှာကြံအပ်၏ ။ စိတ်ပျော်ရွှင်မှုသည် ဒုက္ခနှင့် အမြဲဒွန်တွဲနေတတ်၏ ။ ’’ဟုဆို၏ ။
ကမ္ဘာကျော် ရှေးဂရိပညာရှင်အဘိဓမ္မာဆရာကြီး အရစ္စတိုတယ်(Aristotle) ကလည်း‘‘ပညာရှိသည်ချမ်းသာသုခကိုမရှာဘဲဆင်းရဲဒုက္ခမှ လွတ်မြောက်မှုကိုသာရှာ၏ ။’’ဟုရေးသားခဲ့သည်။
*ထိုအသိပညာရှင်တို့၏ ထင်မြင်ချက်များမှာ မှားသည်ဟုတ်မဆိုနိုင်ချေ။ ကမ္ဘာ့လူသားအားလုံးတောင့်တသောချ
မ်းသာသုခ သည်ကျန်းမာမှုဖြစ်၍ကျန်းမာမှုသည် အနာရောဂါကင်းမှုအဖြစ်ဖြင့်သာလျှင် ထင်ရှားသည်မဟုတ်ပါလော။ဗုဒ္ဓ၀ါဒီတို့အဖို့ အမြတ်ဆုံးသုခဖြစ်သော နိဗ္ဗာန်သည် ကိလေသာ တရားအားလုံးဆိတ်သုဉ်းမှု၊ဆင်းရဲဒုက္ခအားလုံး ချုပ်ငြိမ်းမှုဖြစ်ကြောင်း ပိဋကတ်စာပေ၌ပြဆိုထားခြင်းကိုလည်းကျွန်ုပ်တို့ အထူးသတိပြုသင့်ပေ၏ ။စင်စစ်လူတို့သိသိမှတ်မှတ်မျှော်မှန်းသောအရာသည် ချမ်းသာသုခမဟုတ်ဘဲ အလိုဆန္ဒပြည့်ဝမှုဖြစ်၏ ။ ချမ်းသာသုခသည် အလိုဆန္ဒပြည့်ဝမှုနှင့် ယှဉ်၍ဖြစ်ပေါ်သော
ဝေဒနာစေတသိတ်ဖြစ်၍ ယင်းကိုတမင်သက်သက်ရှာကြံပါက အချည်းအနှီးဖြစ်တတ်၏ ။ ကာမချမ်းသာကို မက်မော၍ အစားကြူး၊ကာမကြူးသောသူသည် တင်းတိမ်ရောင့်ရဲမှုမရှိဘဲစိတ်ဆင်းရဲရတတ်၏ ။ မိမိစိတ်ချမ်းသာမှုအတွက် အိမ်ထောင်ပြုသောသူသည် အိမ်ထောင်ရေးပြဿနာများကိုရင်ဆိုင်ရသောအခါ ခံနိုင်ရည်မရှိဘဲစိတ်မချမ်းမသာဖြစ်ရမည်အမှန်ဖြစ်၏ ။ ချမ်းသာသုခကိုမစဉ်းစားဘဲ ဤလူဘုံသည် ဒုက္ခဘုံဖြစ်သည်ဟု သိမှတ်ထားသည့် ပုဂ္ဂိုလ်သည်သာလျှင် ဘ၀ခရီးလမ်း၏ အခက်အခဲ
များကို ကြံ့ကြံ့ခံနိုင်သော နှလုံးရည်ရှိပေလိမ့်မည်။
*ပုထုစဉ်လူသားတို့ စိတ်ဆင်းရဲခြင်းသည် အချုပ်အားဖြင့်ဆိုသော် အလိုဆန္ဒမပြည့်မှုကြောင့်ဖြစ်၏ ။ အလိုဆန္ဒတစ်ခုပြည့်၍ ရရှိလာသောနှစ်သိမ့်ကျေနပ်မှုသည် မမြဲသောအနိစ္စတရားဖြစ်ရကားအလိုဆန္ဒတစ်ခြု
ပည့်သောအခါ နောက်တစ်ခုပေါ်လာစမြဲဖြစ်၏ ။ ထူးထွေများပြားသော အလိုဆန္ဒအားလုံးပြည့်ရန်မှာမလည်း မဖြစ်နိုင်ချေ။ ထို့အပြင်လူတို့သည်စိတ်ဓာတ်စရိုက်၊အသိအမြင်၊ပတ်ဝန်းကျင်စသည်တို့မတူသောကြောင့် အလိုဆန္ဒများ ကွဲပြားဆန့်ကျင်နေတတ်၏ ။ သို့ဖြင့် လူတစ်ဦးကောင်းစားလျှင် အခြားလူ တစ်ဦးမှာနစ်နာဆုံးရှူံးရ၏ ။ကမ္ဘာ့သမိုင်းတစ်လျှောက်၌ အာဏာရှင်တစ်ဦးတည်မြဲရန်အတွက်လူအမြောက်အများ ဘေးဒုက္ခအမျိုးမျိုးကြုံတွေ့သော သာဓကများမနည်းလှချေ။(ဤနေရာတွင်ကျနော်အနည်းငယ်တင်ပြလိုသည်။ ဆရာကြီးဆိုလိုသော အခြေအနေမှာလူတိုင်းမဖြစ်နိုင်ချေ။၎င်းအာဏာရှင်မှာ ဆိုဝါးသော အဒေါ့ဖ်ဟစ်တလာကဲ့သို့သူသာ
ဖြစ်နိုင်ချေရှိ၏ ။ ‘‘လူတစ်ဦးကောင်းစားလျှင် အခြားလူ တစ်ဦးမှာနစ်နာဆုံးရှူံးရ၏’’ဟူသောအဆိုမှာလည်း အခြေအနေအချို့ အတွက်သာဖြစ်နိုင်၏ ။ပင်လယ်ရေသည်ကားတစ်ဦးတစ်ယောက်တည်းသောက်၍မကုန်ဟူသောအဆိုကားရှိသေး၏ ။အခြေအနေအားလုံးအား ဤအချက်တစ်ခုတည်းဖြင့်သာမဆုံးဖြတ်နိုင်ချေ။)
*အမှန်ဆိုသော် လူဦးရေအမြဲတိုးပွား၍ တဏှာလောဘ လွှမ်းနေသော ဤကမ္ဘာလောက၌ ထာဝရသာယာငြိမ်းချမ်းမှုကို ဘယ်သောအခါမျှ မမျှော်လင့်နိုင်ချေ။ လူတိုင်းအလိုဆန္ဒပြည့်ဝမှု၊သာယာငြိမ်းချမ်းမှုကိုရရှိနိုင်သည်ဆိုစေ ထိုအခါ၌ ဆက်လက်တိုးတက်မှုရှိ၊မရှိ အပထား၍ ပျင်းရိငြီးငွေ့ မှုဒုက္ခကိုလူတိုင်းရင်ဆိုင်ရမည်မှာ မုချဖြစ်၏ ။ လောက၌ပျင်းရိငြီးငွေ့ သူတို့သည် ဆင်းရဲချို့ တဲ့သော သူများမဟုတ်ဘဲ အစစအရာရာ ပြည့်စုံ၍ အလုပ်မလုပ်ရသော သူဌေးသူကြွယ်များဖြစ်၏ ။ လူသည် အငြိမ်မနေပဲ စိတ်ရောကိုယ်ပါအမြဲဗျာပါများနေရမှကျေနပ်ရ၏ ။
*အခါတစ်ပါးက နိဂဏ္ဍတို့က ဗုဒ္ဓသည် ဗိမ္ဗိသာရမင်းလောက် ချမ်းသာစွာမနေရဟုဆိုကြ၏ ။ ဗုဒ္ဓက‘‘သင်တို့သည် မည်သို့ထင်ကြကုန်သနည်း ။ ဗိမ္ဗိသာရမင်းသည်ကိုယ်မလှုပ်ရှားဘဲ၊နှုတ်မှလည်း ဘာမှမပြောဘဲခုနစ်ရက်ပတ်လုံး ချမ်းသာစွာနေနိုင်ပါမည်လော’’ ဟုမေး၏ ။ ခုနစ်ရက်မဆိုထားဘိ၊ တစ်ရက်မျှပင်နေနိုင်မည်မဟုတ်ပါ
ဟု နိဂဏ္ဍတို့ဆိုကြ၏ ။ထိုအခါဗုဒ္ဓသည် ‘‘ ငါသည်ကိုယ်မလှုပ်ရှား၊စကားမပြောဘဲ ခုနစ်ရက်ပတ်လုံး ချမ်းသာခံစား၍ နေနိုင်သည်။ သို့ဖြစ်၍မည်သူက ပို၍ချမ်းသာစွာနေရသနည်း’’ဟုမေး၏ ။ နိဂဏ္ဍတို့က ဗုဒ္ဓက
ပို၍ချမ်းသာစွာနေရပါသည် ဟုဝန်ခံကြ၏ ။(မဇ္ဈိမနိကာယ်၊စူဠဒုက္ခန္ဓသုတ်)
*ဗုဒ္ဓသည် လူ့ဘ၀၏ ဆင်းရဲဒုက္ခများကို လေးလေးနက်နက်ဟောကြားခဲ့သောကြောင့် အချို့အနောက်တိုင်သားများက ဗုဒ္ဓ၀ါဒမှာ လူ့လောက၏ အဆင်မပြေမှု စိတ်ပျက်ဖွယ်ကောင်းမှု့
များကို ပုံကြီးချဲ့ ကာတစ်ဖက်သတ် အဆိုးမြင်ရှူမြင်သော ၀ါဒဖြစ်သည် ဟု ပြောဆိုရေးသားကြ၏ ။ သို့ရာတွင် လူ့လောက၊လူ့ဘ၀၏အခြေအနေများကို ယထာဘူတာကျကျ လေ့လာဆင်ခြင်သုံးသပ်သော ပညာရှင်အားလုံးသည် ဒုက္ခတရားကိုသာသိမြင်ကြမည်သာဖြစ်၏ ။ ဤနေရာ၌ အမေရိကန် ဒဿနိက စိတ်ပညာရှင် ၀ီလျံဂျိမ်းစ် (William James)၏ထင်မြင်ချက်ကိုဖော်ပြပါမည်။
‘‘ ဤလောက၌ စိတ်အပျော်ရွှင်ဆုံးလူသားများကိုကြည့်ပါကလူဆယ်ဦးအနက် ကိုးဦးမှာ စိတ်အလိုမပြည့်မှုတစ်ခုရှိသည်ကိုတွေ့ရ၏ ။လူတစ်ဦး၏အောင်မြင်မှုသည်မျှော်မှန်းချက်နှင့်ကွာဟနေပေမည်။ သို့တည်းမဟုတ် အခြားလူများမသိသော မျှော်မှန်းချက်တစ်ခုခုရှိနေ၍ ထိုမျှော်မှန်းချက်ကိုအကောင်အထည်ပေါ်ရန် သူမမျှော်လင့်နိုင်ကြောင်းသူသိပေမည်။ ဂိုထေး
[(Goethe)(ဂျာမာန်စာပေ သိပ္ပံပညာရှင် "Johann Wolfgang von Goethe"Theory of Light-Light spectrumအားဖော်ထုတ်သူအားဆိုလိုဟန်ရှိသည် သုငယ်)]ကဲ့သို့အမြဲလိုလိုအကောင်းဘက်ကိုသာရှုတတ်သောသူပင် အသက် ၇၅နှစ်၌ မိမိဘ၀ကိုစိတ်ပျက်စကား ပြောခဲ့ပါကအခြားသာမာန်လူများမှာ အဘယ်ဆိုဖွယ်ရှိပါအံ့နည်း။’’
‘‘လူ့ဘ၀၌အကောင်းကိုသာ ရှုမြင်သေ သုခ၀ါဒ (Optimism) သည်လေးနက်ပြည့်စုံသော အဘိဓမ္မာမဟုတ်။ အဘယ့်ကြောင့်ဆိုသော် ထိုဝါဒက မျက်ကွယ်ပြုထားသောအနိဌာအာရုံတရားများသည် မုချစင်စစ်ရှိ၏ ။ ထိုအနိဌာရုံ ဒုက္ခတရားသည် လူ့ဘ၀၏ အနက်အဓိပ္ပါယ်ကိုဆောင်နေသည်။ဒုက္ခတရားသည် အနက်နဲဆုံး အမှန်တရားကို လူတို့သိမြင်အောင် မျက်စိဖွင့်ပေးသော တစ်ခုတည်းသောတရားဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သုခ၀ါဒသည် ဒုက္ခတရားနှင့် သေခြင်းတရားကိုလျစ်လျူရှုထားသောဝါဒဖြစ်၍ထိုအနိဌာရုံတရားများကို ဆင်ခြင်သုံးသပ်သော ၀ါဒများလောက်လေးနက်ပြည့်စုံခြင်းမရှိချေ။ သို့ဖြစ်၍ အလေးနက်ဆုံး အပြည့်စုံဆုံးသောဘာသာတရားများသည် ဒုက္ခတရားကို အထူးဆင်ခြင်သုံးသပ်ထားသော ဘာသာ
တရားများဖြစ်ပေသည်။’’(William James- The Varieties of Religious Experience)Page-119
*စင်စစ် ကမ္ဘာ့ဘာသာဝါဒကြီးများပေါ်ထွက်လာခြင်းသည် ပဓာနအားဖြင့် လူ့ဘ၀ကို လူတို့ကျေနပ်နှစ်သိမ့် ကျေနပ်မှုပြည့်ပြည့်၀၀ မရှိသောကြောင့်ဖြစ်သည်။ ဗုဒ္ဓဓမ္မ၏ ၀ိသေသလက္ခဏာများမှာ အခြားဘာသားတရားများကဲ့သို့ ဆင်းရဲဒုက္ခချုပ်ငြိမ်းမှုအတွက် တမလွန်လောက၊ဘုံဌာနကို ညွှန်ပြခြင်းမပြုဘဲ မျက်မှောက်ဘ၀၌ ဆင်းရဲဒုက္ခများမှ လွတ်မြောက်မှုကိုဟောပြောခြင်းဖြစ်၏ ။ ထို့သို့အထူးလေးနက်စွာ ဟောပြောခြင်းမှာ ပုထုဇဉ်လူသားတို့သည် ကာမ၀ဲသြဃ၌ နစ်မွန်း၍ ဒုက္ခတရားကိုမသိမြင်ပဲ အ၀ိဇ္ဇာဖုံးလွှမ်းနေသောကြောင့်ဖြစ်သည်။ ဥပမာ လူနာသည်မိမိအနာရောဂါ၏ ကြောက်မက်ဖွယ်ကောင်းပုံကို အမှန်အတိုင်းသိရှိရန်လိုအပ်၏ ။ထိုသို့မရှိပါက အနာရောဂါကို ထိထိရောက်ရောက် ကုသလိုမည်မဟုတ်ချေ။
*အကယ်၍လူနာသည် ရောဂါပျောက်ကင်းရန်မျှော်လင့်ချက်လုံးဝမရှိပါက သို့တည်းမဟုတ်ဆေးသမားသည်ရောဂါကုသရန်နည်းလမ်းကို မညွှန်ပြနိုင်ဘဲရောဂါအကြောင်းချည်းပြောနေပါကလူနာဘ၀သည်စိတ်ပျက်ဖွယ်ရာဖြစ်၍ ဆေးသမားစကားသည် စိတ်ပျက်ဖွယ်ရာစကားသာဖြစ်ရပေမည်။ အကယ်၍ ဆေးသမားသည်ရောဂါကုသနိုင်စွမ်းရှိ၍လူနာအဖို့မျှော်လင့်ချက်ရှိနေပါမူကား ရောဂါ၏ဆိုးရွားပုံကိုပြောပြသောဆေးသမားအား ကျွှန်ုပ်တို့အဘယ်မှာ အပြစ်တင်နိုင်ပါအံ့။ ထို့အတူကျွန်ုပ်တို့သည် သံသရာဝဋ်ဆင်းရဲကိုဖော်ပြ၍ ထိုဝဋ်ဆင်းရဲမှ လွတ်မြောက်ဖို့ရန်လမ်းညွှန်ပြသော ဗုဒ္ဓ၀ါဒကိုစိတ်ပျက်ဖွယ်ရာ ဒုက္ခ၀ါဒ(Pessimism)ဖြစ်သည်ဟုမဆိုနိုင်ချေ။
*ဒုက္ခ၀ါဒကို ယုံကြည်သောအနောက်တိုင်းနိုင်ငံသားများတွင်အချို့ မှာဗုဒ္ဓစာပေကိုဖတ်ရှု၍အသိအမြင်ပြောင်းလဲလာကြ၏ ။အချို့ မှာမူ ဗုဒ္ဓတရားနှင့်ထိတွေ့မှုမရှိသောကြောင့် ဒုက္ခမှလွတ်မြောက်ကြောင်းလမ်းကြောင်းများကိုမသိမြင်ကြချေ။ ဗိုင်ရွန်(Byron) ၊ရှယ်လီ(Shelley) ၊ လီအိုပါဒီ (Leopardi) အစရှိသော ဒုက္ခ၀ါဒီတို့၏စာပေသည် လူဘ၀၏အနှစ်သာရကင်းမဲ့မှုကိုသာဖော်ပြ၍ အားပေးနှစ်သိမ့်မှုနှင့်မျှော်လင့်မှုကင်းမဲ့၏ ။ သူတို့အမြင်အားဖြင့် လူသည်သေသောအခါမှသာဆင်းရဲဒုက္ခမှ ကျွတ်လွတ်မည်ဖြစ်၏ ။ သို့ဖြစ်၍ အချို့ အနောက်တိုင်းဒုက္ခ၀ါဒီတို့သည်သေခြင်းတရားကိုချီးကျူးကြ၏ ။
*ဗုဒ္ဓ၀ါဒသည်ထိုဒုက္ခ၀ါဒနှင့်ဆန့်ကျင်ဘက်ဖြစ်၍သေသည်၏အခြားမဲ့၌သာလျှင်ဆင်းရဲဒုက္ခချုပ်ငြိမ်းသည်ဆိုသော အယူကိုလက်မခံ။ ဗုဒ္ဓ၀ါဒီရဟန်းသည် သူတစ်ပါးအားသတ်သေချင်သောစိတ်ဖြစ်ပေါ်လာစေရန် အားပေးလှုံ့ဆော်ကမျှဖြင့်ပင် ကြီးလေးသောအပြစ်ရှိကြောင်း ၀ိနည်းပိဋကတ်၌ပြဆိုထား၏ ။ ဗုဒ္ဓလမ်းစဉ်၏ပန်းတိုင်ဖြစ်သော ဆင်းရဲဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်သည်မသေမီမျက်မှောက်ပြုရမည့်တရားဖြစ်၏ ။ ထို့ကြောင့် ဗုဒ္ဓ၀ါဒသည် ဘ၀ကိုအရှုံးမပေးဘဲ ဒုက္ခမှအစွမ်းကုန်လွတ်မြောက်ရန် ကြိုးစားမှုကိုအထူးအားပေး၏ ။
‘‘ဤသာသနာ၌ ရဟန်းသည်အားထုတ်အပ်သော ၀ီရိယသည်ရှိသည်ဖြစ်၍နေ၏ ။ ထိုရဟန်းသည်စင်စစ် အရိုး ၊ အရေသည်သာကြွင်းသည်ဖြစ်စေကိုယ်အသွေးအသားတို့သည်ခြောက်ကပ်သည်ဖြစ်စေ ၊ အကြင်အရဟတ္တဖိုလ်ကို ယောက်ျားတို့၏အစွမ်းဖြင့် ၀ီရိယဖြစ်ရအပ်၏ ။ ထိုအရဟတ္တဖိုလ်ကိုမရဘဲ ၀ီရိယကိုမလျှော့အပ်။’’(သံယုတ္တနိကာယ်၊ဘိက္ခုသံယုတ်၊ဥဘောထေရသုတ်)
*ဗုဒ္ဓ၏ စိတ်အေးငြိမ်းချမ်းသာမှုကို ‘ဗုဒ္ဓ’ အခန်း၌ ဖော်ပြခဲ့ပြီးဖြစ်သည်။ ထေရဂါထာ၊ ထေရီဂါထာ ပါဠိတော်များကိုလေ့လာပါက ဗုဒ္ဓတရားကို ကျင့်ကြံအားထုတ်၍ ရရှိအပ်သော ရှေးအိန္ဒိယအမျိုးသား ၊ အမျိုးသမီး သူတော်စင်တို့၏ ငြိမ်းချမ်းသာယာသော ဘ၀ကို ကျွန်ုပ်တို့ တစ်စွန်းတစ်စ သိမြင်နိုင်၏ ။ ထိုရဟန္တာပုဂ္ဂိုလ်များကိုထားဘိဦး ။ ဗုဒ္ဓ၏ ရိုးရိုးတပည့် ရဟန်းတို့သည်လည်းဗုဒ္ဓတရားဖြင့် စိတ်ချမ်းသာမှုရရှိသူများဖြစ်ကြ၏ ။ ဤအချက်သည် ပသေနဒီကောသလမင်းကြီး၏ စကားဖြင့်ထင်ရှားသည်။ ကောသလမင်းသည် ဗုဒ္ဓအားနောက်ဆုံးအကြိမ်းဖူးမြော်စဉ်က‘‘အရှင်ဘုရား ၊သာကီဝင်ရဟန်းတို့သည် အခြားဘာသာအယူရှိသောရဟန်းတို့နှင့် စာသော် ရုပ်ဆင်းသဏ္ဍာန်ကြည်လင်၍ပူပင်ကြောင့်ကြမှုစိုးစဉ်းမျှမရှိဘဲ ပကတိ စိတ်တည်ငြိမ်ချမ်းမြေ့သောအသွင်ကိုဆောင်လျက်ရှိကြပါသည် ။ ဤသို့စိတ်ချမ်းမြေ့ကြခြင်းသည် အရှင်ဘုရား၏ တရားတောင်ကြောင့်ဖြစ်ပါလိမ့်မည် ’’ဟုလျှောက်ထား၏ ။(မဇ္ဈိမနိကာယ်၊ဓမ္မစေတီယသုတ်)















0 comments:

Post a Comment